Connect with us

Hi, what are you looking for?

ဆောင်းပါး

ကာမလိမ်လည်ရယူမှု စွဲချက်ကို စစ်တပ်အကျိုးဆောင်ရင်း ကင်းလွတ်ခွင့်ရဖို့ ကြံနေတဲ့ သီပေါအမတ်

“ရှေ့ဆောင် နွား ဖြောင့်ဖြောင့်သွားက နောက်နွား တစ်သိုက် ဖြောင့်ဖြောင့် လိုက်၏” တဲ့။

(စိုင်းကောင်းသက်စံ။ ဓာတ်ပုံ — စစ်ကောင်စီ)

စိုင်းလွမ်း / People’s Spring

“ရှေ့ဆောင် နွား ဖြောင့်ဖြောင့်သွားက နောက်နွား တစ်သိုက် ဖြောင့်ဖြောင့် လိုက်၏” တဲ့။

နွားတွေကို ဥပမာ ပေးထားတဲ့ အထက်ပါ စကားပုံကို မြန်မာ့ လူ့အဖွဲ့အစည်းက လက်ခံထားပါတယ်။ လူထုကို သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေ အကြောင်း ပြောဖို့ ဒီစကားပုံကို သုံးရတာ နွားတွေကို အားနာပါတယ်။

နွားအုပ်ကို ဦးဆောင်တဲ့ နွားက ရှေ့ကနေ ဖြောင့်ဖြောင့်တန်းတန်း သွားရင် နောက်က လိုက်လာတဲ့ နွားတွေကလည်း လမ်းကြောင်းအတိုင်း လိုက်ကြပါတယ်။ ရှေ့နွားက ကွေ့ကောက်ရင် နောက်နွားတွေလည်း ထင်ရာစိုင်း ကုန်တာကို ဥပမာ ပေးထားတာပါ။

Public Service Announcement

Public Service Announcement

ပြိုင်ဖက် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကို ဖိနှိပ်၊ ပြည်သူတွေကို ဗုံးကြဲပြီးမှ စစ်တပ် စိတ်တိုင်းကျ စီစဉ်ခဲ့တဲ့ ရုပ်စစ်တပ် ရွေးကောက်ပွဲ အပြီးမှာ အမတ်လောင်း ၁၀၀၀ ကျော်ကို စစ်ခေါင်းဆောင်က ဦးဆောင်နေပါတယ်။ လူထု ထောက်ခံမှု မရှိကြတဲ့အတွက် အများစုက ဒိုင်ရှိုနေကြပေမယ့် အမတ်တစ်ဦးကတော့ လူထုကိုပါ ပြန်ပြီး စိန်ခေါ်တဲ့အထိ စစ်ခေါင်းဆောင် ခြေရာကို လိုက်နင်းနေပါတယ်။

အခုလပိုင်းအတွင်းမှာပဲ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးက ကာမလိမ်လည်မှု ကျူးလွန်ကြောင်း တိုင်ကြားခံနေရတဲ့ သီပေါအမတ် စိုင်းကောင်းသက်စံ ဖြစ်ပါတယ်။ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် က ပိတ်ဆို့ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ တရုတ် ကုန်စည်တွေ သယ်လာလို့ဆိုပြီး ပွဲရုံတွေနဲ့ ကုမ္ပဏီတွေကို သူက ခြိမ်းခြောက်နေတာပါ။

“သီပေါက တချို့သော ပွဲရုံနှင့် ကုမ္ပဏီတွေ ကိုယ့်လုပ်ငန်း ကိုယ် ဖြောင့်အောင် မလုပ်ကြဘူး။ တရုတ်ကုန်တွေ ဖွက်ပြီးရော သယ်ကြတယ်။ ကျွန်တော် သတိပေးတာ အကြိမ်ကြိမ် ရှိပြီ၊ ကိုယ်တွေဆီမှာ နာမည်စာရင်းနဲ့ မျက်မြင် သက်သေတွေ ရှိတယ်၊ ကိုယ့်အလုပ်ကိုယ် လုပ်ကြပါ” လို့ သူက နိုဝင်ဘာလ ၅ ရက်နေ့မှာ ရေးသား ခြိမ်းခြောက်ပါတယ်။ အာဏာသိမ်း စစ်အုပ်စုအတွက် ပြောပေးတယ်ဆိုပြီး စစ်အုပ်စုဆီက မျက်နှာသာပေးမှု ရဖို့ တက်တက်ကြွကြွ ပြောပေးနေပုံ ရတယ်လို့ ရှမ်းမြောက်က ပြည်သူအချို့က သုံးသပ်ပါတယ်။

စိုင်းကောင်းသက်စံက ဆက်ပြီးတော့ “ငါတို့က ဘယ်သူနှင့် ပိုင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဂရုစိုက်စရာ မလိုဘူး ဆိုသည့် အချိုးတွေ လာမချိုးပါနဲ့။ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် ဒီကိစ္စတွေကို အပြင်းအထန် အရေးယူ ဆောင်ရွက်နေချိန်မှာ ခင်ဗျားတို့တွေက နိုင်ငံတော်အပေါ်ကို မထိမဲ့မြင် လုပ်ကြတယ်” လို့ ရေးသားထားပါတယ်။

အဲဒီ လုပ်ရပ်တွေကို သိရဲ့နဲ့ မသိချင်ယောင် ဆောင်နေကြသူတွေလည်း ကိုယ့်လိပ်ပြာ ကိုယ်လုံကြပါစေလို့ သူက ဆိုပြန်ပါတယ်။

သီပေါမြို့ဟာ တရုတ် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်က ကျောက်မဲနဲ့ လားရှိုးမြို့ကြားမှာ ရှိပါတယ်။ တအာင်းတပ် TNLA နဲ့ မဟာမိတ်တပ်တွေက ၁၀၂၇ စစ်ဆင်ရေးနဲ့ သိမ်းယူခဲ့ပေမယ့် တရုတ်အစိုးရ အကူအညီနဲ့ စစ်တပ်က ပြန်လည် ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား စနစ်တကျ မလည်ပတ်နိုင်သေးပါဘူး။ မြို့ပေါ် ရပ်ကွက်ထဲက ဒုဌဝတီ မြစ်ကူးတံတားရဲ့ တစ်ဖက်ခြမ်းဖြစ်တဲ့ သီပေါ-လားရှိုး လမ်းပိုင်းကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်ပြီး တံတားရဲ့ ဒီဘက်ခြမ်းကိုသာ စစ်တပ်က ထိန်းချုပ်ထားနိုင်ပါတယ်။ သီပေါ မြို့ပြင်ဘက်နဲ့ မြို့နယ်အတွင်း ကျေးရွာတွေမှာလည်း ရှမ်းတပ် SSPP နဲ့ MNDAA တို့ တပ်စွဲထားပြန်ပါတယ်။

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းပိုင်းနဲ့ မန္တလေး-ချင်းရွှေဟော် ပြည်ထောင်စု လမ်းပိုင်းမှာ နောင်ချို၊ သီပေါ၊ လားရှိုး၊ သန္နီ၊ ကွတ်ခိုင်၊ မူဆယ်နဲ့ ကွမ်းလုံ၊ ချင်းရွှေဟော် မြို့တွေ ပါဝင်ပါတယ်။ စစ်တပ်က နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ လားရှိုးနဲ့ မူဆယ်မြို့ကိုပဲ ထိန်းချုပ်ထားနိုင်ပါတယ်။

လားရှိုးမြို့ ပတ်ဝန်းကျင်က ကျေးရွာတွေနဲ့ သန္နီ၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ ချင်းရွှေဟော်မြို့ကို MNDAA၊ နမ့်ဖက်ကာမြို့ကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA)၊ မူဆယ်မြို့နယ်ထဲက နယ်စပ် ကုန်သွယ်ရေးဂိတ် ဖြစ်တဲ့ ကျင်စန်းကျော့နဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့က ထိန်းချုပ်ထားပါတယ်။

မြို့တွေကို ပြန်တောင်းပေမယ့် မရတဲ့အတွက် စစ်တပ်က တရုတ် ကုန်စည်တွေ အဝင်မခံဘဲ ထိန်းချုပ် မြို့တွေကနေ စောင့်ပြီး ဖမ်းနေတာ ဖြစ်ပါတယ်။ နယ်စပ် ကုန်သွယ်ရေးဟာ အစိုးရအချင်းချင်း ဆောင်ရွက်ရတာ ဖြစ်လို့ ဘယ်ကြားခံ အဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်မှာ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ပြောပြီး အာကျယ်ပြပါတယ်။

အဲဒီနောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေမှာ ကင်းထောက်လေယာဉ်နဲ့ ဂျက်ဖိုက်တာ ခြိမ်းခြောက် ပျံသန်းမှုတွေ ပိုလုပ်ခဲ့သလို တရုတ် နယ်စပ်က ဝင်လာတဲ့ ကုန်သည်ကားတွေကိုလည်း ဆက်တိုက် ဖမ်းဆီးခဲ့ပါတယ်။

စိုင်းကောင်းသက်စံက ဒေသခံ လူထုနဲ့ ကုန်သွယ်ရေး လုပ်နေသူတွေကို ခြိမ်းခြောက်လာတဲ့အထိ လက်ရက်ဇက်ရဲ ဖြစ်လာတာဟာ မင်းအောင်လှိုင်ကို မျက်နှာလို မျက်နှာရ လုပ်ချင်တဲ့ ရည်ရွယ်ချက် အဓိက ဖြစ်တယ်လို့ မန္တလေးနဲ့ ရှမ်းမြောက် အခြေစိုက် ကုန်သည်အချို့က ယုံကြည်နေကြပါတယ်။

“နယ်စပ် ကုန်သွယ်ရေး အကြောင်း မအလက တစ်ခါ ပြောတိုင်း ဒီအမတ်က တစ်ခါ ဇောင်းထတယ်” လို့ လားရှိုးမြို့ခံ ကုန်သည်တစ်ဦးက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

စိုင်းကောင်းသက်စံက လူထုကို ခြိမ်းခြောက်မှု မတိုင်မီ ၈ ရက်အလိုမှာ အာဏာသိမ်း ခေါင်းဆောင်က နယ်စပ် ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး သူ့ မကျေနပ်ချက်ကို ပြင်းပြင်းထန်ထန် ထုတ်ပြောခဲ့ပြန်ပါတယ်။

နယ်စပ် ကုန်သွယ်ရေး တရားမဝင် လမ်းကြောင်းတွေ ရှိနေပြီး အကြမ်းဖက် သောင်းကျန်းသူတွေကို ငွေကြေးပေးပြီး သွားလာ သယ်ဆောင်နေကြတာက သူခိုး ဓားရိုးကမ်းသလို ဖြစ်နေတယ်လို့ မင်းအောင်လှိုင်က မချိတင်ကဲ ပြောခဲ့တာပါ။ ဒါပေမယ့် သူပြောတာပဲ တက်နိုင်ပြီး ဘာမှ မတက်နိုင်ပါဘူး။

မင်းအောင်လှိုင် အဲလို ပြောပြီး မရှေး မနှောင်းမှာပဲ စိုင်းကောင်းသက်ဆိုင်ဆီက စစ်အုပ်စု အကြိုက် ခြိမ်းခြောက်သံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

“စစ်တပ်အမတ်က သူ့အဖေ မအလ အားကိုးနဲ့ လူမိုက် လာလုပ်နေတဲ့အထာ။ မအလက ပြည်သူကို လည်ပင်း ညှစ်ထားလို့ ရစရာ မရှိတော့ဘူး” လို့ တရုတ် နယ်စပ်နဲ့ ကုန်သွယ်ရေး လုပ်နေတဲ့ မန္တလေးမြို့ခံ ကုန်သည်တစ်ဦးက ပြောပါတယ်။

စိုင်းကောင်းသက်စံဟာ စစ်တပ် ရွေးကောက်ပွဲမှာ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကနေ ဝင်ရောက် ရွေးကောက်ခံခဲ့သူ ဖြစ်ပါတယ်။ ကျားဖြူပါတီဟာ စစ်အုပ်စုနဲ့ နီးစပ်ပြီး ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းဟာ စစ်အာဏာရှင် အဆက်ဆက်ရဲ့ ထောက်တိုင် ဖြစ်ခဲ့ပါတယ်။ ဦးသိန်းစိန်ရဲ့ ယူနီဖောင်း ပြောင်းဝတ်တဲ့ အစိုးရလက်ထက်မှာ ရှမ်းပြည်နယ်၊ သယံဇာတနဲ့ သစ်တောဝန်ကြီး ဖြစ်ခဲ့ဖူးသလို လက်ရှိမှာလည်း စစ်ခေါင်းဆောင်က ဂုဏ်ပြု လည်စွဲစွပ်ပေးထားတဲ့အထိ အနီးကပ် ဆက်ဆံရေး ရှိနေသူ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ တိုင်းရင်းသား ကိုယ်စားပြု အင်အားကြီးပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) က စစ်ကောင်စီ ရွေးကောက်ပွဲကို ငြင်းပယ်ခဲ့လို့ ကျားဖြူပါတီက ပြည်ထောင်စု အဆင့် ဝင်ပြိုင်ခဲ့ပြီး စိုင်းကောင်းသက်စံတို့လို အရည်အချင်း မရှိဘဲ စစ်တပ် အကြိုက် ဖားယား တက်တဲ့ အမတ်တွေ လွှတ်တော်ထဲ ရောက်လာတာလို့ မြို့ခံအချို့က ဝေဖန်ပါတယ်။ ဒီအခြေအနေကလည်း တကယ်တော့ မထူးဆန်းပါဘူး။ လူမိုက်တွေက အုပ်ချုပ်ရေးမှူးတွေ လုပ်၊ ပျူစောထီးတွေ လုပ်၊ ပြည်သူတွေကို ဖိနှိပ်၊ စစ်တပ်အတွက် ပေါ်တာ ဆွဲ လိုင်စင်ရ လူကုန်ကူးဂိုဏ်းတွေလို မိုက်ကြေးခွဲ လုပ်ကိုင်နေတဲ့ ခေတ်မှာ စိုင်းကောင်းသက်စံ စစ်တပ်လုပ်ပေးတဲ့ အမတ် ဖြစ်လာတာ မထူးဆန်းပါဘူး။

“သူက နယ်စပ် ကုန်သွယ်ရေး လမ်းမပေါ်က အဓိကမြို့ပေါ်မှာ နေသူ ဖြစ်တယ်။ စစ်ခေါင်းဆောင်က ရှမ်းမြောက်ကို ပြန်လိုချင်တာ မရလို့ တရုတ်ကို စိတ်ကောက်ပြီး တရုတ် ကုန်စည်တွေ အကုန်လုံး ဖမ်းနေတာ။ သူပြောသမျှ ဆိုသမျှက စစ်တပ် အကြိုက်တွေချည်းပဲ” လို့ လက်ရှိ သီပေါမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

တရုတ် ကုန်စည်တွေ မသွင်းဖို့ သတိပေးတဲ့စာမှာ သူက “နိုင်ငံတော် သမ္မတကြီးရဲ့ မူဝါဒတွေကို လိုက်နာကြဖို့” ဆိုပြီး အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ တကယ်တော့ လက်ရှိ မြန်မာ စီးပွားရေးဟာ မင်းအောင်လှိုင် ခေါင်းဆောင်ဦးတဲ့ စစ်အုပ်စုရဲ့ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည် စီးပွားပျက်ကာ အဆိုးဆုံး အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

စစ်တပ် အာဏာမသိမ်းခင် ၂၀၂၁ ရှေ့ပိုင်းကာလက ကြက်ဥတစ်လုံး ၁၀၀ ကျပ် ရှိခဲ့ရာကနေ အခုတော့ ၇၀၀ ကျပ်အထိ မြင့်တက်နေပြီး အခြေခံ လူတန်းစားဟာ ကြက်ဥကိုတောင် ဝဝလင်လင် မစားရတော့ပါဘူး။ အရင်က ၁ စည်း ၁၀၀ နဲ့ ဝယ်ရတဲ့ ကန်စွန်းရွက်တောင် ရန်ကုန်မှာ ၁၅၀၀ ထိ ဈေးတက်ကုန်ပါပြီ။ ပြည်တွင်း ထုတ်ကုန် လောက်လောက်လားလား မရှိတဲ့ နိုင်ငံမှာ ပြည်ပ အသင်းကုန်တွေကို ပိတ်ထားပြန်ပါတယ်။ ပြည်တွင်း အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ ဆက်တိုက် ပိတ်သိမ်းနေရသလို အထည်ချုပ် လုပ်ငန်းလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေလည်း မြန်မာနိုင်ငံကနေ ဆက်တိုက် ထွက်ခွာနေပါတယ်။

ကမ္ဘာကျော် ကုမ္ပဏီတစ်ခု ဖြစ်ပြီး အိမ်သုံး ကုန်စည်တွေ ဖြန့်ဖြူးပေးနေတဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် Unilever ကုမ္ပဏီကလည်း မကြာမီမှာ မြန်မာနိုင်ငံကနေ အပြီးသတ် ထွက်ခွာတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ လက်ရှိမှာ စက်သုံးဆီတွေလည်း ပြတ်လပ်နေပြီး လူထုဟာ အထွေထွေ အကျပ်အတည်းကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ကြက်ဥနဲ့ ကန်စွန်းရွက် ဈေးကိုတောင် တည်ငြိမ်အောင် မစွမ်းနိုင်ဘဲ နိုင်ငံကို အုပ်ချုပ်ဖို့ ကြိုးပမ်းနေတဲ့ အကြောင်း လူထုက ဝေဖန်တဲ့အခါ လူဦးရေနဲ့ ကိုက်ညီတဲ့ ကြက်ဥတွေ ထုတ်လုပ်ကြဖို့ မိန့်ခွန်း ပြောတဲ့လူစား ဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်ကို စိုင်းကောင်းသက်စံက တိုင်တည်ပြီး လူထုကို ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စိုင်းကောင်းသက်စံဟာ လက်ရှိမှာ သားနှစ်ယောက် မိခင်ဖြစ်တဲ့ အမျိုးသမီးတစ်ဦးကို ကာမလိမ်လည် ရယူမှု စွပ်စွဲခံနေရပါတယ်။

သူတို့ ၂ ဦးဟာ ၂၀၂၅ ကျားဖြူပါတီ စည်းရုံးရေးမှာ စတွေ့ခဲ့ကြပြီး ၂၀၂၆ ဇူလိုင်လမှာ Viber အက်ပလီကေးရှင်းမှ စကားပြောရင်း ရင်းနှီးခဲ့ကြပါတယ်။ စိုင်းကောင်းသက်စံက ချစ်ရေးဆိုပြီး လက်ထပ်ခွင့် တောင်းတယ်လို့ ဆိုပါတယ်။ အမျိုးသမီးရဲ့ အမေနဲ့ ခဲအိုတို့ထံတွင်ပါ လက်ထပ်မယ်လို့ ကတိပြု တောင်းရမ်း အတူနေပြီးမှ လက်မထပ်ဘဲ အမျိုးသမီးကိုရော မိသားစုကိုပါ ခြိမ်းခြောက်နေတယ်လို့ နစ်နာသူက တိုင်ကြားထားတဲ့ စာထဲမှာ ရေးသားထားပါတယ်။ အဆိုပါစာနဲ့ သူတို့ နှစ်ဦး ချစ်ကြည်နူးစဉ် ဗိုက်ဘာ ချစ်တင်းနှောတဲ့ ကိစ္စတွေကိုပါ ပြောထားကြတဲ့ Screen shot တွေနဲ့ နစ်နာသူ အမျိုးသမီးက တိုင်ကြားထားပါတယ်။ အဆိုပါ တိုင်ကြားစာတွေနဲ့ သက်သေခံ အချက်အလက်တွေကို လူထုနွေဦးကလည်း လက်ခံရရှိထားပါတယ်။

စိုင်းကောင်းသက်စံကတော့ မဟုတ်မှန်ကြောင်း ငြင်းဆန်ထားပြီး အဲဒီအမျိုးသမီးကို သီပေါမြို့နယ် ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။ ကျူးလွန်ခံရတဲ့ ရှမ်း တိုင်းရင်းသူ အမျိုးသမီးကလည်း စစ်တပ်လွှတ်တော် ဥက္ကဋ္ဌဆီ နိုဝင်ဘာ ၃ ရက်ရက်စွဲနဲ့ တိုင်ကြားထားပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု စွပ်စွဲချက် ရင်ဆိုင်နေရချိန်မှာ စိုင်းကောင်းသက်စံက စစ်အုပ်စု အကြိုက် စကားလုံးတွေကို လူမှုကွန်ရက်မှာ တွင်တွင် သုံးပြီး ပြည်သူတွေကို ပြန်ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာမယ်လို့ ဟစ်ကြွေးတာကနေ ကာမလိမ်လည် ရယူသူလို့ စွပ်စွဲခံရတာကို ပြန်ဖြေရှင်းတာအထိ သူပြောနေတာကတော့ နိုင်ငံတော်နဲ့ လူထု အကျိုးကိုသာ ရှေးရှူတယ်ဆိုတာပါပဲ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်တပ် တပ်စွဲရာ နေရာ ၃ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းအနောက်ခြမ်းက အာဏာသိမ်းစစ်တပ်ရဲ့ ပွိုင့်ကုန်းစခန်းတွေကို တော်လှန်ရေးတပ်တွေက တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းတွေ အပါအ၀င်လက်နက်ကြီးနဲ့ နေ့စဉ် တိုက်ခိုက်နေတာကြောင့် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ်လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၊ မီးရှို့ပျက်စီးမှုတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ Churches ကျောင်းတွေ ပြင်ဆင်တည်ဆောက်ဖို့ ရည်ရွယ်ပြီး နယူးယောက်မြို့မှာ "Faith Unbroken" ဖျော်ဖြေပွဲပြုလုပ်မယ်လို့ တော်လှန်အနုပညာရှင် လင်းလင်းက အသိပေးထားပါတယ်။