ဘူလ်ဂေးရီးယား နိုင်ငံက ကားလမ်းမ တစ်ခုမှာ မြူခိုးတွေ ဆိုင်းပြီး မြင်ကွင်း ဝေဝါးနေချိန် ကားတွေ ဆင့်တိုက်ခဲ့ရာက လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့တုန်းက ဘူလ်ဂေးရီးယား အရှေ့ပိုင်း၊ ယမ်ဘိုလ်မှာ တည်ရှိပြီး မြို့တော် ဆိုဖီယာဆီ ဆက်သွယ်ထားရာ အဝေးပြေး လမ်းတစ်နေရာမှာ ကားအစီး ၅၀ နဲ့ ၇၀ ကြားလောက် အစုလိုက် ဆင့်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်ရာ နေရာက မှတ်တမ်း ဓာတ်ပုံ ဗီဒီယိုတွေမှာတော့ ကွန်တိန်နာ ထရပ်ကားကြီးတွေ အပါအဝင် အရွယ်စုံ၊ အမျိုးအစားစုံ မော်တော်ကားတွေ ဆင့်ကဲပြီး တိုက်မိထားတာကို တွေ့ရပါတယ်။
ကျန်းမာရေး ဝန်ကြီး ကတ်ယာ အီဗ်ကိုဗာက ၁၀ ဦးဟာ အခင်းဖြစ်တဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးပြီး ၂ ဦးက ဆေးရုံမှာ ကွယ်လွန်ခဲ့ကြောင်း ပြောပါတယ်။ ဒဏ်ရာရသူ ၄၆ ဦးလည်း ဆေးရုံတက် ကုသမှု ခံယူနေရပါတယ်။

Public Service Announcement
ယာဉ်တိုက်မှုကြောင့် အဲဒီလမ်းပိုင်းကို နှစ်ဖက်စလုံးကနေ ပိတ်ဆို့လိုက်ပြီး ရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ရပါတယ်။ တချို့ကားတွေက အရှိန်နဲ့ ဝင်တိုက်တာ ခံရတဲ့နောက် မီးလောင်ကျွမ်းခဲ့ပါတယ်။
ယာဉ်တွေ အပြုံလိုက်ကြီး ဆင့်တိုက်တဲ့ အကြောင်းရင်းကို အတိအကျ မထုတ်ပြန်ပေမယ့် ရာသီဥတုကြောင့် မြင်ကွင်း မရှင်းလင်းတာကြောင့် ဖြစ်နိုင်ကြောင်း စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေကလည်း ယာဉ်တိုက်မှုတွေရဲ့ အဓိက အကြောင်းရင်းဟာ အဲဒီအချိန်က သိပ်သိပ်သည်းသည်း ဖုံးလွှမ်းနေတဲ့ မြူခိုးတွေကြောင့် ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဘူလ်ဂေးရီးယား ဝန်ကြီးချုပ် ရူမန် ရာဒက်ဗ်ဟာ ဥရောပ ကော်မရှင် အကြီးအကဲ အာဆူလာ ဗန်ဒါလီယန်နဲ့ အစည်းအဝေး လုပ်နေရာကနေ ယာဉ်တိုက်မှုအကြောင်း ကြားသိတဲ့နောက် သတင်းစာ ရှင်းလင်းပွဲနဲ့ နောက်ဆက်တွဲ အစီအစဉ်တွေကို ဖျက်သိမ်းပြီး ကယ်ဆယ်ရေး မစ်ရှင်တွေကို ကြီးမှူးဖို့အတွက် အစိုးရ အိမ်တော်ဆီ ပြန်သွားခဲ့ပါတယ်။
ရာဒက်ဗ်က ဒီဖြစ်စဉ်ကို ကြေကွဲစရာ ဖြစ်ရပ်ဆိုးကြီးလို့ ပြောကြားခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်နေ့ တစ်ရက်တာကို တစ်နိုင်ငံလုံးအဆင့် ဝမ်းနည်းကြေကွဲမှု ကာလအဖြစ် ကြေညာခဲ့ပါတယ်။
အစိုးရဟာ ဒဏ်ရာရထားသူတွေကို ရွှေ့ပြောင်းပေးဖို့အတွက် လူနာတင် ရဟတ်ယာဉ် နှစ်စီးကိုလည်း ယမ်ဘိုလ်ဆီ ချက်ချင်း ပို့ဆောင်ပေးခဲ့ပါတယ်။
ဥရောပ သမဂ္ဂ (EU) အဖွဲ့ထဲမှာတော့ ဘူလ်ဂေးရီးယားဟာ လမ်းပန်းဆက်သွယ်ရေး အန္တရာယ် အကြီးဆုံး စာရင်းဝင် နိုင်ငံတစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ မနှစ်တုန်းက ဘူလ်ဂေးရီးယားမှာ ပျမ်းမျှ လူဦးရေ ၁ သန်းရှိတိုင်း ၇၁ ဦးက ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးခဲ့ပြီး EUမှာ အဲဒီလို သေဆုံးမှုနှုန်း အမြင့်ဆုံးအဖြစ် စံချိန်ဝင်ခဲ့ပါတယ်။
ကိုးကား: BBC




















































