Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟာဆီနာ ထောက်ခံသူတွေ ဆန္ဒပြရာက ဘင်္ဂလားဒေ့ရှ်မှာ အဓိကရုဏ်း အခြေအနေတွေ ဖြစ်ပေါ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို ထောက်ခံသူတွေက ဆန္ဒပြကြရာက အဓိကရုဏ်း အခြေအနေတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ဓာတ်ပုံ - AP

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို ထောက်ခံသူတွေက ဆန္ဒပြကြရာက အဓိကရုဏ်း အခြေအနေတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ စုစုပေါင်း ၁၅ နှစ်လောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဟာဆီနာဟာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတုန်းက ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကြောင့် အိန္ဒိယကို ထွက်ပြေးသွားပြီး ခိုလှုံနေခဲ့ပါတယ်။

သူဟာ အဲဒီဆန္ဒပြပွဲတွေမှာ ပြည်သူတွေကို အကြမ်းဖက် ဖြိုခွင်းသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ကြောင်း စွပ်စွဲချက်ကြောင့် မျက်ကွယ်သေဒဏ် ချမှတ် ခံထားရပါတယ်။ ဟာဆီနာကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆန်ထားသလို အဲဒီစီရင်ချက် ချမှတ်တဲ့ ခုံရုံးကလည်း တရားစီရင်မှု လုပ်ပိုင်ခွင့် အာဏာမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့မှာတော့ ဟာဆီနာက သူဟာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာဖို့အတွက် ပတ်စ်ပို့တ် လျှောက်ထား တောင်းခံထားကြောင်း ပြောကြားခဲ့ပါတယ်။ နောက်တစ်နေ့မှာပဲ သူနဲ့ အေဝါမီ အဖွဲ့ချုပ် ပါတီကို အားပေး ထောက်ခံသူတွေက နိုင်ငံအနှံ့မှာ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပါတီရဲ့ ကျောင်းသား လက်ရုံး အင်အားစုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ချာထရာ အဖွဲ့ချုပ် (BCL)က ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ ဟာဆီနာ ရာထူးက ဖြုတ်ချခံရတဲ့နောက်ပိုင်း ပြည်တွင်းမှာ ထင်သာမြင်သာ အရှိဆုံး အင်အားပြမှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါကာမြို့တော် အပါအဝင် နိုင်ငံရဲ့ ဒေသတချို့မှာတော့ ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ အခြေအနေ တချို့လည်း ကြုံခဲ့ပါတယ်။ ပြီးတော့ ယာဉ်တချို့လည်း မီးရှို့ဖျက်ဆီးတာ ခံခဲ့ရပါတယ်။

ရဲတွေကလည်း ဆန္ဒပြသူတွေကို ရာဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး လူစုခွဲဖို့ ကြိုးစားခဲ့သလို နှစ်ဖက်ကြားမှာ အဓိကရုဏ်း အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဖာရီပူဝါမြို့မှာတော့ အသက် ၆၀ အရွယ် ဘတ်စ်ကား ယာဉ်မောင်း တစ်ဦးဟာ ကားတစ်စီး မီးရှို့ခံရချိန်မှာ မီးခိုးငွေ့တွေ ရှူမိပြီး အသက်ဆုံးရှုံးခဲ့ပါတယ်။

ဆန္ဒပြသူ ၂၀၀ လောက်ဟာ ဂင်္ဂါမြစ်ကို ဖြတ်ကူး ဖောက်လုပ်ထားတဲ့ ၆.၂ ကီလိုမီတာ ရှည်လျားတဲ့ ပက်ဒ်မာ တံတားကိုလည်း ယာယီ ပိတ်ထားခဲ့ပါသေးတယ်။ အဲဒီ တံတားဟာ ဒါကာ မြို့တော်ကို နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေနဲ့ ဆက်သွယ် ပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးချုပ် ဆလာဟူဒင် အာမက်ကတော့ ပြည်ပမှာ အခြေစိုက်ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်မှုကို ဖျက်ဆီးမယ့် အကြံအစည်မှန်သမျှ အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ အစိုးရဟာ ငြိမ်းချမ်းတဲ့ ဆန္ဒပြပိုင်ခွင့်ကို ယုံကြည်လက်ခံပေမယ့် ဘယ်သူဘယ်ဝါမှန်း မသိဘဲ ရန်လို အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ ကိစ္စမျိုးကိုတော့ ခွင့်ပြုမထားနိုင်ကြောင်းလည်း အာမက်က ဆိုပါတယ်။

အတိုက်အခံ အင်အားစုတွေက ဟာဆီနာဟာ ဆန္ဒပြပွဲတွေအတွင်း နိုင်ငံရေး ပြိုင်ဘက်တွေကို အင်အားသုံး ဖြိုခွင်းတာ၊ ဆန္ဒပြသူတွေကို သတ်ဖြတ်တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။ ၂၀၂၄ ခုနှစ် ဆန္ဒပြပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ်မှာ လူပေါင်း ၁၄၀၀ လောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ (UN)က ခန့်မှန်းထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

Facebook