Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ရေး ဝန်ကြီးကို အမေရိကန် အောက်လွှတ်တော်မှာ စွပ်စွဲပြစ်တင်မယ့် အစီအစဉ်ကို ရီပတ်ဘလစ်ကန် ပါတီ တားဆီး

ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကို စွပ်စွဲအပြစ်တင်ဖို့ အမေရိကန် အောက်လွှတ်တော်မှာ အဆိုတင်သွင်းတဲ့ ကိစ္စကို အာဏာရ ရီပတ်ဘလစ်ကန် ပါတီက တားဆီး ပိတ်ပင်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကို စွပ်စွဲအပြစ်တင်ဖို့ အမေရိကန် အောက်လွှတ်တော်မှာ အဆိုတင်သွင်းတဲ့ ကိစ္စကို အာဏာရ ရီပတ်ဘလစ်ကန် ပါတီက တားဆီး ပိတ်ပင်ခဲ့ပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့တုန်းက ရီပတ်ဘလစ်ကန် ပါတီဝင် အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ သောမတ်စ် မက်ဆီးက ဟက်ဂ်ဆက်သ်ကို အောက်လွှတ်တော်မှာ စွပ်စွဲအပြစ်တင်သင့်ကြောင်း အချက် ၈ ချက်ပါတဲ့ အဆိုတစ်ရပ်ကို တင်သွင်းခဲ့ပါတယ်။ အတိုက်အခံ ဒီမိုကရက်တစ် ပါတီကလည်း အဲဒီအဆိုကို ထောက်ခံခဲ့ပါတယ်။

ဒါပေမဲ့ မက်ဆီးကိုယ်စားပြုတဲ့ ရီပတ်ဘလစ်ကန် ပါတီကတော့ အဲဒီကိစ္စကို ကြားဝင်ဟန့်တားဖို့ ဆုံးဖြတ်ခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးကို စွပ်စွဲပြစ်တင်ဖို့ ကြိုးပမ်းမှုဟာ အဓိပ္ပါယ် မရှိတဲ့ ဟန်ပြလုပ်ရပ်သာ ဖြစ်တယ်လို့ စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။ အဲဒီနောက် ရီပတ်ဘလစ်ကန် ပါတီက ဟက်ဂ်ဆက်သ်ကို စွပ်စွဲပြစ်တင်ဖို့ကိစ္စ အောက်လွှတ်တော်မှာ မဲခွဲမယ့်အစား မက်ဆီး တင်ပြထားတဲ့ အဆို ၈ ချက်ကို အောက်လွှတ်တော် တရားစီရင်ရေး ကော်မတီဆီ လွှဲပေးဖို့ ကြားဖြတ် အဆိုတစ်ခု တင်သွင်းခဲ့ပါတယ်။

အဲဒီ တန်ပြန်အဆိုကို မဲခွဲခဲ့ရာမှာတော့ ထောက်ခံမဲ ၂၁၁ မဲ၊ ကန့်ကွက်မဲ ၂၀၄ မဲနဲ့ ရီပတ်ဘလစ်ကန်တွေဖက်က အနိုင်ရသွားပါတယ်။ ဒါကြောင့် ဟက်ဂ်ဆက်သ်ကို စွပ်စွဲအပြစ်တင်ရေးကိစ္စ အောက်လွှတ်တော်မှာ မဲခွဲမယ့် အစီအစဉ်ကို အလိုလို တားဆီးပြီးသား ဖြစ်သွားပါတယ်။ မဲပေးမှုမှာ ရီပတ်ဘလစ်ကန် ပါတီဖက်က မက်ဆီး တစ်ဦးတည်းသာ ကန့်ကွက်မဲ ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပါတီတူ နိုင်ငံရေးသမားတွေ ဆိုပေမယ့် ကန်တက်ကီပြည်နယ် ကိုယ်စားပြု အမတ်စ်ဦးဖြစ်တဲ့ မက်ဆီးဟာ အီရန်စစ်ပွဲကို ဆန့်ကျင်ပြီး ဟက်ဂ်ဆက်သ်ရဲ့ စစ်ဆင်ရေး မူဝါဒတွေကို အစဉ်တစိုက် ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။ သူက သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဟာ ဇန်နဝါရီလကစလို့ လွှတ်တော် နှစ်ရပ်စလုံးကို ဒီမိုကရက်တစ် ပါတီက အင်အား အသာစီးနဲ့ ပြန်လည် ထိန်းချုပ်မလာခင် ဟက်ဂ်ဆက်သ်ရဲ့ နေရာကို အစားထိုးဖို့ လိုနေပြီလို့လည်း ပြောကြားထားပါတယ်။

ဟက်ဂ်ဆက်သ် အနေနဲ့ အခုတစ်ကြိမ်မှာ စွပ်စွဲပြစ်တင်မှုဆိုင်ရာ အောက်လွှတ်တော် မဲခွဲမယ့် ကိစ္စကို ရှောင်လွှဲနိုင်ခဲ့ပေမယ့်လည်း လွှတ်တော်ကို ဒီမိုကရက်တစ် ပါတီက ထိန်းချုပ်သွားမယ့် အချိန်ကျရင် အလားတူ အားထုတ်မှုမျိုးနဲ့ ထပ်ပြီး ရင်ဆိုင်လာရနိုင်ပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ သက်တမ်းဝက် ရွေးကောက်ပွဲ ရလဒ်အရ ဒီမိုကရက်တစ် ပါတီက အသာစီး ရထားပြီး ဇန်နဝါရီလကစလို့ လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်လာနိုင်တော့မှာပါ။

မက်ဆီးရဲ့ အဆိုကို တားဆီးဖို့ ရီပတ်ဘလစ်ကန် ပါတီက တင်ပြတဲ့ အဆိုကို မဲမခွဲခင်မှာ အောက်လွှတ်တော် ဒီမိုကရက်တစ် ခေါင်းဆောင် ဟာကင်မ် ဂျက်ဖရီးစ်က ဟက်ဂ်ဆက်သ်ကို လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုသူ၊ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးကို ထိခိုက်စေခဲ့သူ၊ အီရန်ကို စစ်ဆင်နွှဲပြီး မလိုအပ်တဲ့ ကုန်ကျစရိတ်တွေ အများကြီးကို ပြုန်းတီးစေခဲ့သူအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဟက်ဂ်ဆက်သ်ကတော့ အီရန်စစ်ပွဲဟာ အမေရိကန်အတွက် တကယ့်ကို လိုအပ်တဲ့ အခြေအနေ တစ်ခုလို့ အကြိမ်ကြိမ် ခုခံ ပြောဆိုထားပါတယ်။ ပြီးတော့ ထရမ့်ကလည်း သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးကို ထောက်ခံပြီး ဟက်ဂ်ဆက်သ်ရဲ့ ရဲစွမ်းသတ္တိရှိတဲ့ ဦးဆောင်မှုကြောင့် အီရန်စစ်တပ်ဟာ လုံးဝဥဿုံ ဆုတ်ယုတ် ပျက်စီးသွားပြီလို့ မှတ်ချက်ပေးထားပါတယ်။

ဟက်ဂ်ဆက်သ်ကို စွပ်စွဲအပြစ်တင်မယ့်ကိစ္စ အထမမြောက်ခဲ့တဲ့နောက် ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthမှာ မက်ဆီးကို လှောင်ပြောင်ခဲ့ပါတယ်။ မကျေမနပ်တွေ ဖြစ်နေပြီး ရွေးကောက်ပွဲမှာလည်း ရှုံးနိမ့်ထားခဲ့တဲ့ အောက်လွှတ်တော် အမတ် မက်ဆီးရဲ့ တိုက်ခိုက်မှုတွေကို ဟက်ဂ်ဆက်သ်ရဲ့ တုံ့ပြန် ကာကွယ်ပုံက ထူးကဲပြောင်မြောက်လွန်းကြောင်း၊ မက်ဆီးကတော့ အရှုံးသမား လုံးလုံးဖြစ်သွားကြောင်း ထရမ့်က ရေးသားထားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

Facebook