အပစ်ရပ် လက်မှတ်ထိုးထားသလို အာဏာသိမ်း စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားမှု မရှိတဲ့ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ် ဒေသဖြစ်တဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသက ဖလံကျေးရွာနဲ့ ချဲ့ဒိုက်ရွာတွေကို အာဏာသိမ်း စစ်တပ်က လေကြောင်း ဗုံးကြဲခဲ့လို့ အရပ်သား ပြည်သူ သေဆုံး ထိခိုက်မှုများ ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၅ ရက် ညသန်းခေါင်၊ နိုဝင်ဘာ ၁၆ ရက် မနက် အစောနဲ့ နေ့လယ်ပိုင်းတွေမှာ NMSP ထိန်းချုပ် နယ်မြေကို စစ်တပ်က အကြိမ်ကြိမ် ဗုံးကြဲခဲ့လို့ ပြည်သူ ၄ ဦးထက်မနည်း သေဆုံးကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ ဒါ့အပြင် ဆေးခန်းနဲ့ လူနေအိမ် များစွာ ပျက်စီးခဲ့ရပါတယ်။ NMSP ကနေ ခွဲထွက်ပြီး စစ်တပ်ကို တိုက်ခိုက်နေတဲ့ NMSP စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ ပါဝင်တဲ့ ရာမည မွန်တပ်တော် (RMA) က စစ်တပ်စခန်းတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဆက်တိုက် လုပ်နေတဲ့အပေါ် အာဏာသိမ်း စစ်တပ်က အပစ်ရပ် အဖွဲ့ NMSP နယ်မြေထဲက အရပ်သားတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ မွန်ပြည်နယ်အတွင်း အခုလို စစ်တပ်က အရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) NMSP (AD) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားကို လူထုနွေဦးက ဆက်သွယ် မေးမြန်းထားပါတယ်။
— ဒလပန်း / People’s Spring
မေး — အာဏာသိမ်း စစ်တပ်က မွန်ပြည်နယ်အတွင်း အရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှု ကျူးလွန်တဲ့ အခြေအနေတွေကို ရှင်းပြပေးပါလား။
ဖြေ — အခု လတ်တလော အခြေအနေမှာ ဆိုရင် စစ်ကောင်စီတပ်တွေက ကျွန်တော်တို့ မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျား ဒေသမှာရှိတဲ့ မွန်ကျေးရွာတွေပေါ့ ဖလံကျေးရွာနဲ့ ချဲ့ဒိုက်ကျေးရွာတွေကို ပြီးခဲ့တဲ့ ၁၅ ရက်နေ့ညနဲ့ ၁၆ ရက်နေ့ လည်ပိုင်းတွေမှာ လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဆက်တိုက် ဗုံးကြဲနေတာတွေ ရှိတယ်။ အခုလို တိုက်ပွဲမရှိဘဲနဲ့ တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ လေးဦး အသက် ဆုံးရှုံးခဲ့ရပြီးတော့ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရတာတွေ နောက်ပြီးတော့ လူနေအိမ် အမြောက်အမြား ပျက်စီး ဆုံးရှုံးခဲ့ရတာတွေ ရှိခဲ့တယ်။ ဒါဟာ ဂျီနီဗာ ကွန်ဗန်းရှင်းနဲ့ နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို စစ်ကောင်စီတပ်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ စစ်ရာဇဝတ်မှု မြောက်တဲ့ လုပ်ရပ်တစ်ခုလို့ ကျွန်တော်တို့ သတ်မှတ်တယ်။

Public Service Announcement
မေး — စစ်တပ်က မွန်ပြည်နယ်အတွင်း အရပ်သား ပြည်သူတွေအပေါ် အခုလိုမျိုး ဘာကြောင့် ဗုံးကြဲတယ် ထင်လဲ။
ဖြေ — စစ်ကောင်စီက စစ်မြေပြင် စစ်မျက်နှာတွေမှာ သူတို့ဘက်က ထိခိုက် ကျဆုံးတွေ နည်းနည်း ပိုများလာတဲ့ အခြေအနေမှာ ဒါမှမဟုတ် အခြေအနေတစ်ခုခုကို ဖိအားပေးချင်တဲ့အခါမှာ သူတို့က စစ်ရေးနဲ့ လုံးဝ မသက်ဆိုင်တဲ့ အပြစ်မဲ့ ပြည်သူတွေအပေါ် အငြိုးအတေးနဲ့ ပစ်မှတ်ထားလာတာတွေ အမြဲတမ်း ရှိနေခဲ့တာ။ အဓိကကတော့ ပြည်သူတွေကြားထဲမှာ စိုးရိမ် ထိတ်လန့်လာအောင် လုပ်ပြီးတော့မှ တော်လှန်ရေးအပေါ် ယုံကြည်ချက် ယိုင်နဲ့သွားအောင် ယုတ်မာတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေကြတာလို့ မြင်တယ်။
မေး — စစ်ကောင်စီရဲ့ အခုလို အရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ လုပ်ရပ်အပေါ် ဘယ်လို တုံ့ပြန်ချင်လဲ။
ဖြေ — ကျွန်တော်တို့ NMSP AD အနေနဲ့ကတော့ စစ်ကောင်စီရဲ့ လူမဆန်တဲ့ ရမ်းသမ်း ဗုံးကြဲ တိုက်ခိုက်မှုတွေကို လုံးဝ ကန့်ကွက် ရှုတ်ချတယ်။ အခုလိုမျိုး ကျူးလွန်နေတဲ့ ကျူးလွန်သူတွေကို မှတ်တမ်းတင်ထားမှာ ဖြစ်ပြီးတော့ နိုင်ငံတကာ တရားမျှတမှု ရရှိနိုင်ဖို့အတွက်ကိုလည်း နည်းလမ်းပေါင်းစုံနဲ့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်။ နောက်ပြီးတော့ မွန်ပြည်သူလူထုအပေါ် အခုလို အနိုင်ကျင့် ဗုံးကြဲ တိုက်ခိုက်နေမှုတွေကို ရပ်တန့်စေဖို့နဲ့ စစ်အာဏာရှင် စနစ် အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် လိုအပ်တဲ့ တော်လှန်ရေး လုပ်ငန်းစဉ်တွေကိုလည်း မွန် အင်အားစု အားလုံးနဲ့ ပူးပေါင်းပြီး အစွမ်းကုန် ကြိုးပမ်းသွားမယ်။
မေး — မွန်ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တခြား အဖွဲ့အစည်း အနေနဲ့ ဒီချိန်မှာ ပြည်သူလူထုအတွက် ဘယ်လို ရပ်တည်သင့်တယ် ထင်လဲ။
ဖြေ — အဓိကကတော့ ဒီလို ခက်ခဲ ကြပ်တည်းနေတဲ့ အချိန်မျိုးမှာ ကျွန်တော်တို့ မွန် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ လူမှု အခြေပြု CBO၊ CSO တွေ နောက်ပြီးတော့ မျိုးချစ် အင်အားစုနဲ့ လူငယ်တွေ အားလုံး ကွဲပြားတာတွေကို ဘေးဖယ်ပြီးတော့မှာ အတူ လက်တွဲ ပူးပေါင်းပြီး ပြည်သူတွေကို ကာကွယ် စောင့်ရှောက်ရေးအတွက် ဟန်ချက်ညီညီ တိုက်ပွဲဝင်ကြဖို့ လိုမယ်။ အခုလို ချိန်ခါမျိုးမှာ မြို့ကြီး၊ ရွာကြီးတွေမှာ နေထိုင်နေကြတဲ့ မွန်ပြည်သူလူထုတွေကိုလည်း ကျွန်တော်တို့ မေတ္တာ ရပ်ခံချင်တာက ပွဲလမ်းသဘင် အပျော်အပါး ပွဲတော်တို့ကို တတ်နိုင်သမျှ လျှော့ချပေးကြဖို့၊ နောက်ပြီး မဖြစ်မနေ လုပ်ရမယ့် ပွဲတော်ဆိုရင် အဆင့် လျှော့ချပြီးတော့မှ ကျင်းပဖို့၊ အဲ့ဒီအစား ဒုက္ခ ရောက်နေကြတဲ့ စစ်ဘေးရှောင်နဲ့ ထိခိုက် ခံစားနေကြရတဲ့ ပြည်သူတွေကို စာနာစိတ်နဲ့ ဝိုင်းဝန်း ကူညီ ဖေးဖပေးကြဖို့ အထူးပဲ တိုက်တွန်းချင်ပါတယ်။
မေး — ဒီအခြေအနေကို ဟန့်တားနိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဘာ ပြောချင်လဲ။
ဖြေ — နိုင်ငံတကာ အသိုင်းအဝိုင်း နောက်ပြီးတော့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေ အနေနဲ့ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ အခုလိုမျိုး စစ်ကောင်စီက သူ သားမဆန်စွာ အရပ်သားတွေအပေါ် လေကြောင်း ဗုံးကြဲတာတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို ကြားနေ အနေနဲ့ မနေဘဲနဲ့ ပြတ်ပြတ်သားသား ကန့်ကွက် ဖိအားပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင် ပြည်သူတွေအတွက် အရေးပေါ် လူသားချင်း စာနာမှု အကူအညီတွေကို ထိရောက်စွာ ပံ့ပိုးပေးပြီး စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဝိုင်းဝန်း ဟန့်တားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
မေး — ဖြည့်စွက် ပြောကြားချင်တာ ရှိရင် ပြောကြားပေးပါ။
ဖြေ — ကျွန်တော်တို့ NMSP AD အနေနဲ့ ဒီ အကြမ်းဖက် စစ်တပ်ရဲ့ ဖိနှိပ် တိုက်ခိုက်နေမှုတွေကနေ ကျွန်တော်တို့ ပြည်သူလူထု နောက်ပြီးတော့ မွန်လူထုတွေကို နည်းလမ်းပေါင်းစုံနဲ့ ကာကွယ် စောင့်ရှောက်သွားနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းသွားမှာ ဖြစ်တယ်။ မွန်ပြည်သူလူထု တစ်ရပ်လုံး အနေနဲ့လည်း စစ်အာဏာရှင် စနစ် အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် တော်လှန်ရေး ခရီးမှာ ဆက်လက် လက်တွဲပြီး ခွန်အား ဖြည့်ပေးကြဖို့ ပြောချင်ပါတယ်။

























































