နိုဝင်ဘာ-၁၉၊၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးကျေးရွာမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းက အသက်(၁၅)နှစ်အရွယ် ကလေး ၁ဦးကို ပစ်သတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီခန့်က မုံရွေးကျေးရွာကို စစ်တပ်စစ်ကြောင်း ရောက်ရှိလာပြီး ဒေသခံပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
အဲဒီနောက် ဖမ်းဆီးခံရသူတွေထဲ တချို့ကို ပြန်လွတ်လာပေမဲ့ နောက်တရက် နိုဝင်ဘာ ၁၅ ရက် မနက် ၅ နာရီခန့်မှာတော့ ဖမ်းဆီးခံထားရသူတွေထဲက အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် ကလေး ၁ဦးကို စစ်တပ်က မုံရွေးဈေးထိပ်မှာ ပစ်ခတ်ခဲ့ရာ နေရာတင် သေဆုံးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Public Service Announcement
“ပစ်သတ်သွားတာက မုံရွာ-မန္တလေးလမ်းပေါ်မှာရှိတဲ့ မုံရွေးတိုးဂိတ်က ကောင်တွေ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးကလေးငယ်ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
၂၀၂၆ ဇန်နဝါရီ ၁ ရက်ကနေ အောက်တိုဘာ ၂၈ ရက်အထိ ၁၀ လနီးပါးအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံတဝန်း အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၂၃၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေထဲက ကလေး ၁၄၈ ယောက်ကို AAPP က နာမည်နဲ့ အတည်ပြုထားနိုင်ပြီး အဲဒီအထဲမှာ မိန်းကလေး ၆၂ ယောက်၊ ယောကျ်ားလေး ၈၆ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ နောက်ထပ် သေဆုံးတဲ့ ကလေး ၈၄ ယောက်ကိုတော့ အတည်ပြုဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
























































