နှစ်နိုင်ငံကြား တင်းမာတဲ့ ဆက်ဆံရေးတွေ ရှိနေပေမယ့် ဧည့်သည် ဂျပန်ဝန်ကြီးချုပ် စနအဲ တကအိချိကို တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြုံးပြုံးရွှင်ရွှင် လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။
တကအိချိဟာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (အေပက်) ညီလာခံ တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့ကို ရောက်ရှိနေပြီး နိုဝင်ဘာ ၁၈ ရက်နေ့က ရှီနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ တကအိချိဟာ ဂျပန်မှာ မနှစ်က နိုဝင်ဘာလက ဝန်ကြီးချုပ် ဖြစ်လာပြီးနောက်ပိုင်း တရုတ်ကို ပထမဆုံး တရားဝင် အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့တာပါ။
သူဝန်ကြီးချုပ် ဖြစ်စတုန်းက တကအိချိ ပြောဆိုခဲ့တဲ့ မှတ်ချက်စကား တစ်ခွန်းကို တရုတ်က ခါးခါးသီးသီး တုံ့ပြန်ရင်း နှစ်ဖက်ကြား ဆက်ဆံရေး အေးခဲနေခဲ့ပါတယ်။ တကယ်လို့ တရုတ်ကသာ ထိုင်ဝမ်ကို စစ်ပြု တိုက်ခိုက်မယ်ဆိုရင် မဟာမိတ်ကို ကူညီဖို့ ဂျပန်က ထိုင်ဝမ်ဆီ တပ်တွေ စေလွှတ်ပေးမယ်လို့ တကအိချိက ပြောဆိုခဲ့တာပါ။ တရုတ်ကတော့ ဒါဟာ စစ်မက်လိုလားတဲ့ ဝါဒကို ဂျပန်အစိုးရက ပြန်အသက်သွင်းချင်နေတဲ့ အမြင်သာဆုံး သက်သေလို့ စွပ်စွဲခဲ့ပါတယ်။
မကြာသေးခင်တုန်းက တကအိချိက တရုတ်ဟာ ဂျပန်အတွက် အရေးပါတဲ့ အိမ်နီးချင်းလို့ မှတ်ချက်ပေးခဲ့ပြီး သူ့ရဲ့ အစိုးရဟာ တရုတ်နဲ့ တည်ငြိမ်တဲ့ ဆက်ဆံရေးတစ်ခုကို လိုလားကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
လက်ရှိ အချိန်ထိ တရုတ်ဟာ ဂျပန်နဲ့ ပတ်သက်လို့ သဘောထား တင်းမာတဲ့ မူမျိုးကို ဆက်လက် ဆုပ်ကိုင်ထားပြီး အေပက်ညီလာခံမှာ တကအိချိနဲ့ တွေ့ဆုံတဲ့ အခါမှာတော့ ရှီက ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့၊ ဓာတ်ပုံ အတူတွဲရိုက်ခဲ့ပါတယ်။
ရှီက အေပက် အစည်းအဝေး တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေကို ဧည့်ခံကြိုဆိုတဲ့ အခမ်းအနားမှာ တကအိချိနဲ့ လက်ဆွဲ နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကြား သီးခြားတွေ့ဆုံ ဆွေးနွေးတာမျိုး မရှိပေမယ့်လည်း နှစ်ရက်ကြာ ခရီးစဉ်အတွင်း ရှီနဲ့ အလွတ်သဘော တွေ့ဆုံခွင့်ရအောင် တကအိချိက ကြိုးပမ်းလာနိုင်တယ်လို့လည်း ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါတယ်။
တကအိချိနဲ့ ရှီရဲ့ တွေ့ဆုံမှုဟာ အေပက်အစည်းအဝေးမှာ အများအာရုံစိုက်စရာ ဖြစ်ခဲ့သလို ဂျပန်ဝန်ကြီးချုပ်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ကြား တွေ့ဆုံမှုကရော ဘယ်လိုဖြစ်မလဲ ဆိုတာကို လေ့လာသူတွေက စောင့်ကြည့်ခဲ့ကြပါတယ်။ ဂျပန်နဲ့ ရုရှားတို့ဟာ ထိန်းချုပ်နယ်မြေ အငြင်းပွားမှုတွေကြောင့် ကာလရှည်ကြာ တင်းမာမှုတွေ ရှိနေခဲ့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း နှစ်ဖက်ကြား ဆက်ဆံရေးက ပိုမိုဆိုးရွားလာနေခဲ့ပါတယ်။
ကိုးကား: Kyodo News

























































