Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မဟာဗျူဟာ ဓာတ်သတ္တုတွေ စုပေါင်းထုတ်လုပ်ရေးကိစ္စ Quad နိုင်ငံတွေ သဘောတူညီမှု ရရှိ

အရေးပါတဲ့ မဟာဗျူဟာ ဓာတ်သတ္တုတွေ ထုတ်လုပ်ရေးကိစ္စ Quad အဖွဲ့ဝင် နိုင်ငံတွေကြားမှာ သဘောတူညီမှုတစ်ခု ရယူနိုင်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - EPA

အရေးပါတဲ့ မဟာဗျူဟာ ဓာတ်သတ္တုတွေ ထုတ်လုပ်ရေးကိစ္စ Quad အဖွဲ့ဝင် နိုင်ငံတွေကြားမှာ သဘောတူညီမှုတစ်ခု ရယူနိုင်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ဆီကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ ရောက်ရှိခဲ့ချိန်မှာ ထရမ့်ဟာ Quad နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ New York Times သတင်းစာကတော့ ထရမ့်ဟာ အာဆီယံ အစည်းအဝေး အများစု ပြီးဆုံးတဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှ မနီလာကို ရောက်ရှိခဲ့သလို အာဆီယံ ဆွေးနွေးပွဲတွေမှာ ထဲထဲဝင်ဝင် မပါဝင်ခဲ့သလို အရေးပါတဲ့ မူဝါဒတွေ ကြေညာတာမျိုးလည်း မရှိခဲ့ဘူးလို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ဟာ အာဆီယံ ညီလာခံ လာတက်တဲ့ Quad ခေါင်းဆောင်တွေနဲ့တော့ တွေ့ဆုံပြီး မြေရှားသတ္တုတွေ အပါအဝင် မဟာဗျူဟာ ဓာတ်သတ္တုတွေ စုပေါင်း ထုတ်လုပ်ရေး ကိစ္စကို သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခေတ်မီ စစ်လက်နက်တွေ၊ လျှပ်စစ်ကားတွေ၊ လေအားလျှပ်စစ်တာဘိုင်တွေ၊ အီလက်ထရောနစ် ပစ္စည်းတွေ ထုတ်လုပ်မှုမှာ မရှိမဖြစ် အရေးပါလာတဲ့ မြေရှားသတ္တုတွေရဲ့ ကမ္ဘာ့စျေးကွက် အစိတ်အပိုင်း အားလုံးနီးပါးကို တရုတ်က ချုပ်ကိုင်ထားပါတယ်။

Quad ဆိုတာက အာရှ-ပစိဖိတ် ရပ်ဝန်းမှာ တရုတ်ရဲ့ ဩဇာဖြန့်ကျက်ဖို့ အားထုတ်မှုတွေကို တားဆီးဖို့ တရုတ်ရဲ့ ပြိုင်ဘက် ၄ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ တရုတ်တို့ စုစည်းထားတဲ့ လုံခြုံရေး စာချုပ်အဖွဲ့ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ၊ ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်၊ ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိတို့နဲ့ တွေ့ဆုံပြီးတဲ့နောက် ထရမ့်က အခု သဘောတူညီမှု အကြောင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ Quad လေးနိုင်ငံဟာ အာရှ-ပစိဖိတ် ဒေသရဲ့ လွတ်လပ်မှု၊ ပွင့်လင်းမှု၊ တည်ငြိမ်မှုနဲ့ သာယာဝပြောမှုတွေအတွက် ထောင့်ချိုးလေးခု ဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

မဟာဗျူဟာ ဓာတ်သတ္တုတွေ စုပေါင်းထုတ်လုပ်ဖို့ ညှိနှိုင်းခဲ့တာဟာ နိုင်ငံရပ်ခြား တိုင်းပြည် တစ်ခုတည်းက ထုတ်လုပ်မှု စျေးကွက်ကို ချုပ်ကိုင်ပြီး အကျပ်ကိုင်တာတွေ လုပ်လာမှာကို တားဆီးဖို့ ဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။ ဒါပေမဲ့ သူက တရုတ်ရဲ့ နာမည်ကိုတော့ တိုက်ရိုက် မရည်ညွှန်းခဲ့ပါတယ်။

အမေရိကန်ဟာ မြေရှားသတ္တု လိုအပ်ချက်နဲ့ ပတ်သက်ပြီး ဖြည့်တင်းမှုတွေကို ၁၀ လအတွင်း လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားကြောင်းလည်း ထရမ့်က ဆက်ပြောပါတယ်။ အမေရိကန်ရဲ့ ထုတ်လုပ်နိုင်စွမ်းဟာ ဘယ်တုန်းကမှနဲ့ မတူတဲ့ အဆင့်ကို ရောက်လာမှာ ဖြစ်ကြောင်း၊ ၁၀ လအတွင်းမှာ တရုတ်ရဲ့ မြေရှားသတ္တု ထုတ်နိုင်စွမ်းကို အမီလိုက်လာနိုင်မှာဖြစ်ကြောင်း သူက ဆိုပါတယ်။

အမေရိကန်နဲ့ ကုန်သွယ်ရေး တင်းမာမှုတွေ မြင့်တက်ခဲ့ချိန် ပြီးခဲ့တဲ့ နှစ်တုန်းက တရုတ်ဟာ မြေရှားသတ္တု တင်ပို့ခွင့်တွေကို ကန့်သတ်ပြီး ထရမ့်ကို ဖိအားပေးခဲ့ဖူးပါတယ်။ အဲဒီနှစ် ဇွန်လမှာတော့ နှစ်နိုင်ငံ သဘောတူညီမှုတစ်ခု ရယူပြီး အမေရိကန်ဆီ အဲဒီ မဟာဗျူဟာ ဓာတ်သတ္တုတွေ ပြန်လည် ရောင်းချဖို့ တရုတ်က ခွင့်ပြုခဲ့ပါတယ်။

လေးနိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံမှု အပြီးမှာတော့ Quadက ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ ပို့ကုန်တွေကို စိတ်ထင်သလို ခြယ်လှယ် ပိတ်ဆို့တာ အပါအဝင် စီးပွားရေးအရ အကျပ်ကိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုမှုတွေအပေါ် အလေးအနက် စိုးရိမ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ