ထိုင်းမှာဝန်ကြီးချုပ်အနူတင်ချန်ဝီယာကူအာဏာရလာတဲ့ကာလနောက် ပိုင်းပထမဆုံးအကြိမ်အဖြစ် လူငယ်တွေက စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပြုလုပ်မယ့် ဆန္ဒပြပွဲ အစီအစဉ်တွေနဲ့ ပတ်သက်လို့ Gen Z လူငယ်တွေက လူမှုကွန်ရက်ပေါ်မှာ ကြိုတင် ကြေညာထားခဲ့သလို သတ်မှတ်ထားတဲ့အတိုင်း ညနေပိုင်းမှာ ဘန်ကောက်မြို့တော်ရဲ့ ဒီမိုကရေစီ ကျောက်တိုင်ရှေ့မှာ စတင် စုဝေးခဲ့ပါတယ်။
Gen Z Mobလို့ နာမည်ပေးထားတဲ့ လူငယ် တက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံမှာ ဒီမိုကရေစီ အခွင့်အရေးတွေ ပိုမိုပြည့်ဝလာစေဖို့အတွက် ဝန်ကြီးချုပ် အနူတင်ရဲ့ အစိုးရကို တောင်းဆိုဖို့ ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။
လက်ရှိဟာလူငယ်တွေရဲ့စွမ်းအားကိုပြသပြီးကိုယ်ပိုင် အနာဂတ်ကို ပုံဖော်ဖို့ကိုယ့်အခွင့်အရေးတွေကိုကိုယ်တိုင်တောင်းဆိုရမယ့် အချိန်ဖြစ်ကြောင်း၊ လူထုရဲ့ အသံကို မျက်ကွယ်ပြုလို့ မရကြောင်း နိုဝင်ဘာ ၁၉ ရက်နေ့က အခု ဆန္ဒပြ လှုပ်ရှားမှုကို ဦးဆောင် စည်းရုံးသူတွေက Facebookမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement
နိုဝင်ဘာ ၂၀ ရက်နေ့မှာတော့ လူငယ်အများစု ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်နားမှာ လာရောက် စုဝေးနေတာကို တွေ့ခဲ့ရပါတယ်။
ဘန်ကောက်မှာရှိတဲ့ချူလာလောင်ကွန်းတက္ကသိုလ်ကျောင်းသားသမဂ္ဂကတော့လူငယ်တွေရဲ့ဆန္ဒပြပွဲတွေကိုအပြည့်အဝထောက်ခံမယ့်အကြောင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။
လူငယ်တွေ တောင်းဆိုကြမယ့် အကြောင်းအရာတွေထဲမှာ ဝန်ကြီးချုပ် အနူတင်ရဲ့ အစိုးရအဖွဲ့ နုတ်ထွက်ပေးရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အကောင်အထည် ဖော်ရေး၊ တော်ဝင်မိသားစုအပေါ် စော်ကားပြောဆိုမှုအတွက် ထောင်ဒဏ် ကျခံနေရသူတွေ လွတ်ငြိမ်းချမ်းသာခွင့် ရရေးစတာတွေ ပါဝင်မယ်လို့ ထိုင်းမီဒီယာ တချို့က ဖော်ပြခဲ့ပါတယ်။
The Nationကတော့ဆန္ဒပြတောင်းဆိုကြမယ့်ခေါင်းစဉ်တွေထဲမှာအစိုးရ အသုံးစရိတ် ကိစ္စ၊ လူနေမှု စရိတ်တွေ လျှော့ချရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲရေး၊ လိင်အခွင့်အရေး သာတူညီမျှရှိမှုနဲ့ ကျောင်းသား အခွင့်အရေးတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။
ကြိုတင်ကြေညာထားမှုတွေအရ ဒီမိုကရေစီ ကျောက်တိုင်နားက Gen Z စုဝေးဆန္ဒပြပွဲကို ထိုင်းစံတော်ချိန် နေ့လယ် ၃ နာရီကနေ ည ၇ နာရီထိ ပြုလုပ်ဖို့ လျာထားကြောင်း သိရပါတယ်။
ကိုးကား – Bangkok Post

























































