Connect with us

Hi, what are you looking for?

ဆောင်းပါး

ရောက်လာပြန်ပြီ လော်ရာသီ

မကြာခင် ရက်ပိုင်းအတွင်းမှာပဲ တန်ဆောင်တိုင် ကာလ ရောက်ပါတော့မယ်။ စစ်တပ် အာဏာသိမ်း ကာလတလျှောက် ခမ်းခြောက်နေတဲ့ အကြည်ဓာတ်ဟာ တန်ဆောင်တိုင် ကာလ လော်စပီကာ သံတွေကြောင့်ပဲ ပိုပြီး အာရုံနောက်ရပါဦးမယ်။

(အာဏာသိမ်း စစ်တပ် လက်အောက်မှာ တစ်နှစ်ထက် တစ်နှစ် ပိုဆိုးဝါးလာတဲ့ လော်စပီကာ ပြဿနာကို ဒေသအချို့မှာ မြင်တွေ့ရပုံ။ ဓာတ်ပုံ — CJ)

တည်ကြည် / People’s Spring

မကြာခင် ရက်ပိုင်းအတွင်းမှာပဲ တန်ဆောင်တိုင် ကာလ ရောက်ပါတော့မယ်။ စစ်တပ် အာဏာသိမ်း ကာလတလျှောက် ခမ်းခြောက်နေတဲ့ အကြည်ဓာတ်ဟာ တန်ဆောင်တိုင် ကာလ လော်စပီကာ သံတွေကြောင့်ပဲ ပိုပြီး အာရုံနောက်ရပါဦးမယ်။

တန်ဆောင်တိုင် ကထိန်ကာလဆိုတာ အလှူအတန်း ရာသီမို့ လော်စပီကာ သံတွေပါ တွဲပါလာတတ်တာ ဟိုးယခင်ကတည်းကပါ။ ကထိန်ခင်းတဲ့ ရပ်ကွက်တွေ၊ အဖွဲ့အစည်းတွေမှာ ပဒေသာပင် လှည့်လည်တဲ့အခါ လော်စပီကာတွေကနေ တစ်ဆင့် လမ်းမတွေပေါ် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတတ်ပါတယ်။ အလှူလုပ်သူတွေ၊ ပွဲမှာ ပါဝင်သူတွေအတွက်တော့ အဲဒီအသံတွေဟာ ပျော်ရွှင်မှုနဲ့ ကုသိုလ် ပီတိရဲ့ သင်္ကေတတစ်ခု ဖြစ်နိုင်ပါတယ်။

သို့ပေမဲ့ ပြဿနာက အလှူအတန်းကို မလိုလားတာ မဟုတ်ဘဲ လော်စပီကာက ကျယ်လောင်တဲ့ အသံ ထုတ်လွှတ်မှုပါ။ ကောင်းမှု ကုသိုလ် လုပ်တယ်ဆိုပေမဲ့ အသံကုန် ဖွင့်ထားတဲ့အခါ စိတ် အနှောင့်အယှက် ဖြစ်လာရပါတယ်။ လော်စပီကာ သံကြောင့် ဘေးနားက လူတွေအတွက် စိတ်ပင် ပန်းစရာ ဖြစ်သွားတတ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီကာလ စိတ်ကလေး တည်ငြိမ် အေးဆေးအောင် ထားဖို့ ခက်ခဲနေချိန်မှာပဲ တန်ဆောင်တိုင် ကာလ ကျယ်လောင်တဲ့ လော်စပီကာ သံတွေဟာ ပိုပြီး စိတ်ရှုပ်စရာ၊ စိတ်ပင် ပန်းစရာ ဖြစ်လာခဲ့တယ်။ ကိုယ်က ပွဲလမ်းသဘင်တွေရဲ့ ဆူညံမှုထဲ ပါဝင် မနေချင်ပေမဲ့ အသံတွေက ကိုယ့်နားထဲ အတင်း တိုးဝင်လာတဲ့အခါမှာတော့ ခံနိုင်ရည်တွေ လျော့ပါးလာတတ်တယ်။

နောက်ထပ် ပိုဆိုးတာက အာဏာသိမ်း စစ်တပ်က တိုင်းပြည် အေးချမ်းနေသယောင် ပုံရိပ်ကို တည်ဆောက်ဖို့ ပွဲတော်တွေကို အသုံးချနေတာကြောင့် လာမယ့် တန်ဆောင်တိုင်ဟာလည်း စစ်တပ်အတွက် ဝါဒဖြန့်စရာ ကာလကြီးတစ်ခု ဖြစ်လာဦးမှာပါ။

လက်ရှိမှာကို စစ်တပ် လက်အောက်ခံ အခြေခံပညာကျောင်းတွေက ကျောင်း ကထိန်တွေမှာ ဆောင်းဘောက်စ်တွေ၊ လော်စပီကာတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ကခုန်နေတဲ့ ပုံရိပ်တွေကို အာဏာသိမ်း စစ်တပ်က ဝါဒဖြန့်ဖို့အတွက် ကောင်းကောင်းကြီး အသုံးချနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြတ်သန်းခဲ့ရတဲ့ တန်ဆောင်တိုင် ကာလတွေဟာ အရင်ခေတ် ကာလတွေကလို ပေါ့ပါး လွတ်လပ်တဲ့ ပျော်ရွှင်မှုမျိုး မဟုတ်တော့တာ အမှန်ပါ။ အရင်လို တစ်ညလုံး မအိပ်မနေ လမ်းမတွေပေါ်မှာ လွတ်လွတ်လပ်လပ် လျှောက်လည်ဖို့၊ ပံ့သကူ ရှာဖို့ဆိုတာ အိပ်မက်တစ်ခု ဖြစ်သွားခဲ့ပါပြီ။

စီးပွားရေး ကျပ်တည်းမှုနဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုတွေကြောင့် အရင်လို ရပ်ကွက် အလိုက် အကြီးအကျယ် ကထိန်ခင်းတာ၊ စတုဒိသာ ကျွေးမွေးတာတွေ အများကြီး လျော့နည်းသွားပါတယ်။ ဒါပေမဲ့ မရှိ ရှိတဲ့အထဲကနေ အချင်းချင်း မျှဝေချင်စိတ်နဲ့ မဲဇလီဖူး သုပ်လေးတွေ ဝေငှကြတာ၊ တတ်နိုင်သလောက်လေး ပံ့သကူ ပစ်ကြတာတွေကတော့ ခက်ခဲတဲ့ကြားက နွေးထွေးမှုတစ်ခုအဖြစ် ကျန်ရှိနေဆဲပါ။

တစ်ဖက်မှာ စည်ကား သိုက်မြိုက်နေသယောင် ပွဲတော်တွေ ကျင်းပပြနေတာတွေ ရှိပေမဲ့ ပြည်သူ အများစုရဲ့ ရင်ထဲမှာတော့ မလုံခြုံမှုတွေ၊ အိုးအိမ် စွန့်ခွာ စစ်ဘေးရှောင် နေရတာတွေ၊ လူမစုံတော့တဲ့ ထမင်းဝိုင်းတွေအတွက် နာကျင်နေရဆဲပါ။

ဒါကြောင့် ဒီကာလမှာ လော်စပီကာ သံ ကျယ်ကျယ် မကြားလိုလှဘူး။ တကယ်တော့ အလှူအတန်းရဲ့ ကြည်နူးမှုဆိုတာ အသံ ဘယ်လောက် ကျယ်ကျယ် ဖွင့်နိုင်သလဲ ဆိုတာထက် ကိုယ့် ပတ်ဝန်းကျင်ကို ဘယ်လောက်အထိ ထည့်သွင်း စဉ်းစားပြီး မျှမျှတတ လုပ်ဆောင်သလဲ ဆိုတဲ့အပေါ်မှာ ပိုပြီး အဓိပ္ပာယ် ရှိလှပါတယ်။

စားဝတ်နေရေး အပါအဝင် ဘက်ပေါင်းစုံ အကျပ်အတည်း တွေ့ပြီး မွန်းကြပ်လှတဲ့ ပြည်သူတွေအတွက် ကျယ်လောင်လွန်းလှတဲ့ လော်စပီကာ သံတွေဟာ စိတ် အနှောင့်အယှက် ဖြစ်ရုံတင် မျှမက၊ သည်းမခံနိုင်လွန်းရာမှ အချင်းချင်း ပြဿနာ တက်စေနိုင်တဲ့အထိ ပြဿနာကြီးပါတယ်။ ကျန်းမာရေးအရလည်း မသင့်တော်ဘဲ ကလေးငယ်တွေ၊ မကျန်းမာသူတွေ၊ နှလုံး မကောင်းသူတွေအတွက် ဒီအသံတွေက အန္တရာယ် များလှပါတယ်။

အသံ ကျယ်လောင်မှုနဲ့ ဖန်တီးထားတဲ့ ပျော်ရွှင်မှုတွေ များလွန်းတဲ့ ဒီကာလမှာ ကျွန်တော်တို့ တကယ် လိုအပ်နေတာက ဘောက်စ်တွေ၊ လော်စပီကာတွေ မဟုတ်ဘဲ စိတ်ကို အေးချမ်းစေမယ့် တိတ်ဆိတ် ငြိမ်သက်မှုသာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် တန်ဆောင်တိုင်မှာလည်း လော်စပီကာ သံတွေ ကျယ်လောင်လာတိုင်း ကိုယ့်ရဲ့ ငြိမ်သက်ခွင့်လေးကို ခဏတာပဲ ဖြစ်ဖြစ် ပြန်သိမ်းယူနိုင်ဖို့ ကြိုးစားနေရဦးမှာပါပဲ။

ဆက်စပ်သတင်းများ