လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်အတွက် မြန်မာနိုင်ငံမှာ အပြစ်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ရဲ့ ဆုံးဖြတ်ချက်ဟာ အစ္စရေး နိုင်ငံနဲ့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုအတွက် တပ်လှန့် သတိပေးမှုတစ်ခု ဖြစ်လာနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။
လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်အတွက် နိုင်ငံတစ်ခုမှာ အပြစ်ရှိကြောင်း ပထမဆုံး အကြိမ်အဖြစ် နိုဝင်ဘာ ၁၉ ရက်နေ့က ICJက စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးသုဉ်း သတ်ဖြတ်မှုမှာ မြန်မာနိုင်ငံက ထဲထဲဝင်ဝင် ပါဝင်ခဲ့တယ်လို့ တရားသူကြီး အများစုက သုံးသပ်ပြီးတဲ့နောက် အခုစီရင်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးစစ်တပ် လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJမှာ တရားစွဲဆို ခံထားရတာကြောင့် မြန်မာအမှုက ရှေ့ဆောင်လမ်းပြ နမူနာ ဖြစ်လာနိုင်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။ တစ်နည်းအားဖြင့် အစ္စရေးနဲ့ ဝန်ကြီးချုပ် နေတန်ညာဟုအတွက် ဥပဒေရေးရာ ဖိအားတစ်ခုအသွင် ကြုံတွေ့လာနိုင်ခြေ ရှိနေပါတယ်။
နိုင်ငံတစ်ခုအပေါ် ချမှတ်ထားတဲ့ တရားစီရင် ဆုံးဖြတ်မှုကို တခြားနိုင်ငံတစ်ခုရဲ့ ကိစ္စမှာ တိုက်ရိုက် အသုံးပြုလို့ မရပေမယ့်လည်း မြန်မာအမှုကို ကြားနာစစ်ဆေးရာမှာ ICJ အသုံးပြုခဲ့တဲ့ စံနှုန်းတွေဟာ ဂါဇာမှာ အစ္စရေးက လူမျိုးသုဉ်း သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးကို ကြားနာစစ်ဆေးတဲ့ အခါမှာ သက်ရောက်မှုတွေ ရှိလာစေနိုင်ပါတယ်။

Public Service Announcement
ဂါဇာက စစ်ဆင်ရေးတွေမှာ အစ္စရေးစစ်တပ်ရဲ့ ကိုင်တွယ် ဆောင်ရွက်မှုတွေဟာ ၁၉၄၈ ခုနှစ်၊ လူမျိုးသုဉ်း သတ်ဖြတ်မှု တားဆီးကာကွယ်ရေး ပဋိညာဉ်ကို ချိုးဖောက်ရာ ရောက်တယ်လို့ စွပ်စွဲပြီး တောင်အာဖရိက အစိုးရက ICJမှာ တရားစွဲထားတာ ဖြစ်ပါတယ်။
လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ကြောင်း အတည်ပြု ဆုံးဖြတ်တယ် ဆိုတာဟာ လူမျိုးတစ်မျိုး၊ ဒါမှမဟုတ် အုပ်စုတစ်ခုကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ ပျက်စီးစေဖို့ ရည်ရွယ်ချက်ရှိရှိ ကြံဆောင်ကြောင်း သက်သေပြချက်တွေကို လက်ခံလိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ရည်ရွယ်ချက်မျိုး ရှိနေပါတယ် ဆိုတာကို တိုက်ရိုက်သက်သေ တစ်ခုတည်းနဲ့ တင်ပြစရာ မလိုဘဲ အခြေအနေအပေါ် မူတည်တဲ့ သက်သေ အများအပြားကို စုပေါင်းသုံးသပ်ပြီး ဆုံးဖြတ်နိုင်ကြောင်း မြန်မာအမှုမှာ ICJက ထုတ်ပြန်ခဲ့ပါတယ်။
နောက်ပြီး အကြမ်းဖက် ရန်ပြုမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း လူမျိုးသုဉ်း သတ်ဖြတ်တဲ့ လက်နက်အသွင် အသုံးပြုမှုကို ICJက ပထမဆုံးအကြိမ်အဖြစ် မြန်မာအမှုမှာ အသိအမှတ် ပြုခဲ့ပါတယ်။
အစ္စရေးအတွက် နောက်ထပ် ခေါင်းခဲစရာ အခြေအနေ တစ်ခုကတော့ ဂါဇာက စစ်ဆင်ရေးတွေဟာ ပါလက်စတိုင်း လက်နက်ကိုင် ပြောက်ကျားတွေက စတင်ရန်စ ကျူးကျော်လို့ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်အရ လုပ်ဆောင်ခဲ့တာပါဆိုတဲ့ ဖြေရှင်းချက်ဟာ ICJမှာ ဖြေရှင်းတဲ့အခါ ထိရောက်မှု အားနည်းသွားနိုင်တယ် ဆိုတာပါပဲ။ ရိုဟင်ဂျာ အမှုမှာလည်း ရခိုင်ပြည်နယ်ထဲက လုံခြုံရေး စခန်းတွေကို ရိုဟင်ဂျာ အကြမ်းဖက်သမားတွေက စတင်တိုက်ခိုက်ခဲ့လို့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေနဲ့ တုံ့ပြန်ခဲ့တာပါလို့ မြန်မာဖက်က အကြောင်းပြခဲ့ပြီး အစ္စရေးရဲ့ ခုခံချေပမှုနဲ့ သဘောထားချင်း ဆင်တူနေပါတယ်။
အဆုံးမှာတော့ ICJက အဲဒီလို တုံ့ပြန်မှုမျိုးမှာတောင်မှ လူမျိုးသုဉ်း သတ်ဖြတ်မှုမြောက်တဲ့ အခြေအနေထိ ဖြစ်သွားနိုင်တယ်လို့ ဆုံးဖြတ်ခဲ့တာကို မြန်မာအမှုမှာ ချမှတ်ခဲ့တဲ့ စီရင်ချက်အရ တွေ့နိုင်ပါတယ်။
မြန်မာရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်အပေါ် ICJက ကိုင်တွယ်သွားပုံ၊ ဥပဒေရှုထောင့်တွေ ရွေးချယ်ပုံ၊ ဆုံးဖြတ်ပုံတွေကို ကြည့်မယ်ဆိုရင် အစ္စရေးနဲ့ ဂါဇာကိစ္စမှာလည်း တူညီတဲ့ စီရင်ချက်မျိုး ချမှတ်လာနိုင်ကြောင်း ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ SOAS တက္ကသိုလ်ရဲ့ ဥပဒေ ပါမောက္ခ နီမာ ဆူလ်တန်နီက မှတ်ချက်ပေးခဲ့ပါတယ်။
ဂါဇာမှာ အစ္စရေးစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေရဲ့ အတိုင်းအတာ ပမာဏ ကျယ်ပြန့်မှုကို ကြည့်ရင် မြန်မာအမှုနဲ့ တူညီတဲ့ စီရင်ချက်မျိုးဆီ ဦးတည်သွားနိုင်ကြောင်း၊ နောက်ပြီး မြန်မာအမှုမှာ ICJဟာ ၁၉၇၈ ကစလို့ မြန်မာစစ်တပ် လုပ်ဆောင်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကိုပါ ပြန်လည်ထည့်သွင်း သုံးသပ်ခဲ့တာကို တွေ့ရကြောင်း၊ အစ္စရေးကလည်း ၂၀၀၀ ပြည့်နှစ်ကစပြီး ဂါဇာမှာ တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် လုပ်ဆောင်နေခဲ့တာကို တွေ့နိုင်မှာဖြစ်ကြောင်း ဆူလ်တန်နီက ဆိုပါတယ်။
အစ္စရေးကို တောင်အာဖရိက နိုင်ငံက ICJဆီမှာ တရားစွဆြိုထားတဲ့ အမှုဟာ နောက်ဆုံးစီရင်ချက် ထွက်ပေါ်လာဖို့ ဆယ်စုနှစ် တစ်ခုထက်မက ပိုကြာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ကိုးကား: Telegraph

























































