ဟိုသီ ပြောက်ကျားတွေရဲ့ တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေးဘီးယား နိုင်ငံရဲ့ အမြင့်ဆုံး မိုးပျံတိုက်ကြီးမှာ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ရီယတ်ဒ်မြို့တော်မှာ တည်ရှိပြီး အထပ် ၈၀ မြင့်မားတဲ့ PIF Tower အဆောက်အအုံကြီးရဲ့ အထပ်တချို့အပြင် အနီးမှာရှိတဲ့ အဆောက်အအုံ တချို့ပါ နိုဝင်ဘာ ၁၉ ရက်နေ့ တိုက်ခိုက်မှုအတွင်း ထိခိုက်မှုတွေ ကြုံခဲ့ကြောင်း ဆော်ဒီ အစိုးရပိုင် SPA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အဲဒီအဆောက်အအုံကြီးဟာ ရီယတ်ဒ်မြို့ရဲ့ အဓိက စီးပွားရေးရပ်ကွက်ထဲမှာ တည်ရှိနေတာပါ။ ယီမင်နိုင်ငံမှာ အခြေစိုက်ပြီး အီရန်ရဲ့ မဟာမိတ်အဖြစ် ရပ်တည်နေတဲ့ ဟိုသီတွေက အဲဒီဧရိယာကို နှစ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဟိုသီတွေရဲ့ အဆိုအရ ရီယတ်ဒ်မြို့ရဲ့ အချက်အခြာကျတဲ့ နေရာကို မနက်ပိုင်းမှာ တစ်ကြိမ်၊ မွန်းလွဲပိုင်းမှာတစ်ကြိမ် ခရုစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
PIF Towerရဲ့ အပြင်ဖက်ပိုင်းမှာ ထင်ရှားမြင်သာတဲ့ အပျက်အစီးတွေကို တွေ့ခဲ့ရပေမယ့် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ နိုင်ငံသားတွေ၊ နိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေကို ဟိုသီတွေက ပစ်မှတ်ထား တိုက်ခိုက်လာတဲ့နောက် လိုအပ်တဲ့ အစီအမံတွေ အားလုံးကို အသုံးပြုပြီး တုံ့ပြန်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
ဟိုသီတွေက နိုဝင်ဘာ ၁၉ ရက်နေ့မှာ ရီယတ်ဒ်ရဲ့ ဘုရင်ခါလစ်ဒ် လေဆိပ်၊ နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ခါမစ် မူရှိုက် လေတပ်စခန်း၊ ဂျူဘေးလ်မှာရှိတဲ့ ရေနံချက် လုပ်ငန်းတစ်ခုတို့ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပေမယ့် ဆော်ဒီကတော့ အဲဒီကိစ္စကို အတည်မပြုသေးပါဘူး။
ဆော်ဒီဟာ ယီမင်ပြည်တွင်းစစ်မှာ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရဖက်ကနေ ပါဝင်ကူညီပေးရင်း ဟိုသီတွေကို တိုက်ခိုက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဆော်ဒီနဲ့ ဟိုသီကြားက စစ်ရေးပဋိပက္ခတွေက အရှိန်မြင့်လာခဲ့သလို ဟိုသီတွေက ရီယတ်ဒ်အပါအဝင် ဆော်ဒီရဲ့ မြို့ကြီးတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကို ပိုမို လုပ်ဆောင်လာခဲ့ပါတယ်။
ကိုးကား: Sky

























































