Connect with us

Hi, what are you looking for?

ဆောင်းပါး

ICJ စီရင်ချက်အပေါ် ဖိလစ်ပိုင်ရဲ့ ပြတ်သားတဲ့ တုံ့ပြန်မှုနဲ့ အာဆီယံရဲ့ အနာဂတ် အရွေ့

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ နိုင်ငံတကာ တရားရုံး (ICJ) ရဲ့ ဂမ်ဘီယာနဲ့ မြန်မာအမှုအပေါ် စီရင် ဆုံးဖြတ်ချက်ဟာ အရှေ့တောင်အာရှ ဒေသတွင်း မြန်မာ စစ်အုပ်စုကို မျက်နှာသာပေးလိုကြတဲ့ နိုင်ငံအချို့ရဲ့ နိုင်ငံရေးနဲ့ သံတမန်ရေးရာ စားပွဲဝိုင်းပေါ်ကို ဂယက် အကြီးအကျယ် ရိုက်ခတ်စေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာပြီး ရက်ပိုင်းအတွင်းမှာပဲ အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

— ခါကာဘို ရေးသားသည်။

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ နိုင်ငံတကာ တရားရုံး (ICJ) ရဲ့ ဂမ်ဘီယာနဲ့ မြန်မာအမှုအပေါ် စီရင် ဆုံးဖြတ်ချက်ဟာ အရှေ့တောင်အာရှ ဒေသတွင်း မြန်မာ စစ်အုပ်စုကို မျက်နှာသာပေးလိုကြတဲ့ နိုင်ငံအချို့ရဲ့ နိုင်ငံရေးနဲ့ သံတမန်ရေးရာ စားပွဲဝိုင်းပေါ်ကို ဂယက် အကြီးအကျယ် ရိုက်ခတ်စေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာပြီး ရက်ပိုင်းအတွင်းမှာပဲ အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အပေါ်ယံ ကြည့်လိုက်ရင် သံတမန်ရေးရာ လုပ်ရိုးလုပ်စဉ် ထုတ်ပြန်ချက်တစ်ခုလို့ ထင်ရပေမဲ့၊ အနှစ်သာရ အားဖြင့်တော့ အာဆီယံရဲ့ ရိုးရာ အစဉ်အလာဖြစ်တဲ့ “ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေး” ဆိုတဲ့ မူဝါဒဘောင်ကို ကျော်လွန်ပြီး နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်လိုက်တဲ့ အချက်ပြမှုတစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။

ဖိလစ်ပိုင်ရဲ့ ထုတ်ပြန်ချက်ကို အသေးစိတ် ဖတ်ကြည့်မယ်ဆိုရင် အဓိက အချက် သုံးချက်ကို အခြေခံပြီး တည်ဆောက်ထားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပထမဆုံး အချက်ကတော့ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးနဲ့ ICJ ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းပါ။ ကြေညာချက်ထဲမှာ ဖိလစ်ပိုင်ဟာ တရားဥပဒေ စိုးမိုးရေးအပေါ် နှစ်ရှည်လများ ထားရှိခဲ့တဲ့ ကတိကဝတ်နဲ့အညီ လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ် အောက်က နိုင်ငံများရဲ့ တာဝန်ဝတ္တရားတွေ အပါအဝင် နိုင်ငံတကာ ဥပဒေကို အပြည့်အဝ လိုက်နာဖို့ ထပ်လောင်း အတည်ပြုထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ အဓိက တရားစီရင်ရေး အဖွဲ့အစည်းဖြစ်တဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်တွေကို လေးစား လိုက်နာဖို့ အရေးကြီးတယ်ဆိုတာကို အလေးပေး ဖော်ပြထားပါတယ်။ ဒီဆိုလိုချက်ဟာ မြန်မာ စစ်ကောင်စီ အနေနဲ့ ICJ ရဲ့ စီရင်ချက်ကို မဖြစ်မနေ လေးစား လိုက်နာရမယ်လို့ သွယ်ဝိုက်ပြီး ဖိအားပေးလိုက်တာပါပဲ။ ဖိလစ်ပိုင် ကိုယ်တိုင်ကလည်း တောင်တရုတ်ပင်လယ် အရေးကိစ္စမှာ နိုင်ငံတကာ ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်ကို အခြေခံပြီး ရပ်တည်ခဲ့ဖူးတဲ့ နိုင်ငံ ဖြစ်တာကြောင့်၊ နိုင်ငံတကာ တရားရုံးတွေရဲ့ စီရင်ချက်ကို လေးစား လိုက်နာရေးဆိုတာ ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ အင်မတန် အရေးကြီးတဲ့ မူတစ်ခု ဖြစ်နေပါတယ်။

ဒုတိယ အချက် အနေနဲ့ ဖိလစ်ပိုင်ဟာ မြန်မာပြည်တွင်းက လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားပါတယ်။

အထူးသဖြင့် အရပ်သားတွေနဲ့ ထိခိုက်လွယ်တဲ့ လူဦးရေတွေအပေါ် သက်ရောက်မှုတွေကို ထောက်ပြထားပြီး၊ သူတို့ရဲ့ ဘေးကင်း လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ အဟန့်အတား မရှိ ရောက်ရှိနိုင်ရေးဟာ နိုင်ငံတကာ ဥပဒေနဲ့အညီ အရေးတကြီး လုပ်ဆောင်ရမယ့် ကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ လူသားချင်း စာနာမှု အကူအညီတွေကို လက်နက်သဖွယ် အသုံးချပြီး ပိတ်ဆို့ ဖြတ်တောက်နေတဲ့ လုပ်ရပ်တွေကို လက်မခံနိုင်ဘူးဆိုတဲ့ သတင်းစကားကို ပါးလိုက်တာ ဖြစ်ပါတယ်။

တတိယ အချက်ကတော့ အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရေးပါ။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့အညီ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကြား အပြုသဘောဆောင်ပြီး အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ တိုက်တွန်းထားခြင်းအားဖြင့်၊ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ အသိအမှတ်ပြုမှုကို ရရှိမထားတဲ့ စစ်အုပ်စုဟာ ဘယ်နည်းနဲ့မှ သူ တစ်ဖွဲ့တည်းနဲ့သာ ဆုံးဖြတ်ချက်ချ ဖြေရှင်းလို့ မရဘဲ တော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အပါအဝင် သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုမျိုးကမှသာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး ရနိုင်မယ်ဆိုတဲ့ အချက်ကို ဖိလစ်ပိုင်က မီးမောင်း ထိုးပြထားတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဖိလစ်ပိုင်ရဲ့ ဒီလို ရပ်တည်ချက်မျိုးကို အခြား ဘယ် အာဆီယံ နိုင်ငံတွေက ထပ်တူ ထောက်ခံလာနိုင်ဖွယ် ရှိသလဲ ဆိုတာကို ခန့်မှန်း ကြည့်ရရင် အာဆီယံ ၁၀ နိုင်ငံရဲ့ မြန်မာ့အရေးအပေါ် သဘောထားဟာ တစ်သမတ်တည်း မရှိဘဲ အုပ်စုကွဲနေတာ ကြာပါပြီ။ ဖိလစ်ပိုင်ရဲ့ နောက်ကနေ အခိုင်အမာ လိုက်ပါ ထောက်ခံနိုင်ခြေ အရှိဆုံး နိုင်ငံတွေကတော့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ တီမောနိုင်ငံတို့ပဲ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံဟာ ရိုဟင်ဂျာ အရေးကိစ္စ စတင် ဖြစ်ပွားကတည်းက မြန်မာ စစ်တပ်အပေါ် အပြင်းထန်ဆုံး ဝေဖန်ခဲ့တဲ့ နိုင်ငံ ဖြစ်သလို၊ အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တာကြောင့် ဂမ်ဘီယာဘက်က ရပ်တည်ပြီး ICJ ရဲ့ စီရင်ချက်ကို ကြိုဆို ထောက်ခံဖို့ ရာခိုင်နှုန်း များစွာ ရှိနေနိုင်ပါတယ်။

အာဆီယံရဲ့ အကြီးဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကလည်း ကမ္ဘာ့ မွတ်စလင် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်သလို၊ ဒီမိုကရေစီ စံနှုန်းနဲ့ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးကို အလေးထားတဲ့ နိုင်ငံ ဖြစ်တာကြောင့် ဖိလစ်ပိုင်နဲ့ တစ်သံတည်း ထွက်လာဖို့ သေချာသလောက်ပါပဲ။

စင်ကာပူနိုင်ငံကတော့ သေးငယ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့် သူ့ရဲ့ ရှင်သန် ရပ်တည်ရေးအတွက် နိုင်ငံတကာ ဥပဒေ စိုးမိုးရေး (Rules-based International Order) ကို အမြဲတမ်း ဦးစားပေး ကာကွယ်လေ့ ရှိပါတယ်။ ဒါကြောင့် ICJ လို ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံးက ချမှတ်လိုက်တဲ့ စီရင်ချက်ကို စင်ကာပူ အနေနဲ့ လေးစား အသိအမှတ်ပြုကြောင်း ထုတ်ဖော် ပြောဆိုလာဖို့ များပါတယ်။

အရှေ့တီမောနိုင်ငံကတော့ လက်ရှိမှာတောင် မြန်မာ စစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုဖို့ တရားဝင် လက်ခံထားပြီးသား နိုင်ငံ ဖြစ်တာကြောင့် အထူး ပြောစရာတောင် မလိုအောင် ပြတ်ပြတ်သားသား ထောက်ခံမယ့် နိုင်ငံပါ။

တစ်ဖက်မှာတော့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့လို မဲခေါင် ဒေသတွင်း တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် သြဇာ သက်ရောက်မှု ကြီးမားတဲ့ နိုင်ငံတွေကတော့ ပထဝီ နိုင်ငံရေးအရ နီးစပ်မှု၊ စီးပွားရေးနဲ့ နယ်စပ် လုံခြုံရေး အကျိုးစီးပွားတွေကြောင့် ဖိလစ်ပိုင်လို ပြတ်သားတဲ့ ထုတ်ပြန်ချက်မျိုး ထုတ်ဖို့ထက် သတိကြီးကြီး ထားပြီး နှုတ်ဆိတ်နေတာမျိုး ဒါမှမဟုတ် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကိုပဲ ထပ်တလဲလဲ ရည်ညွှန်း ပြောဆိုတာမျိုး လုပ်ဆောင်ဖွယ် ရှိပါတယ်။

ICJ ရဲ့ ဒီ စီရင်ချက်ဟာ အာဆီယံ အဖွဲ့အစည်းကြီး တစ်ခုလုံးရဲ့ မြန်မာအပေါ် ထားရှိတဲ့ သဘောထားနဲ့ ချဉ်းကပ်ပုံကိုပါ အကြီးအကျယ် ပြောင်းလဲသွားစေနိုင်တဲ့ အလားအလာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အာဆီယံဟာ မြန်မာ့အရေးကို ဒေသတွင်း ပြဿနာတစ်ခု အနေနဲ့သာ ကိုင်တွယ်ဖို့ ကြိုးစားခဲ့ပြီး၊ စစ်ခေါင်းဆောင်တွေကို ထိပ်သီး အစည်းအဝေးတွေကနေ ဖယ်ကျဉ်ထားရုံကလွဲလို့ ထိရောက်တဲ့ အရေးယူမှု မလုပ်နိုင်ခဲတဲ့အပြင်၊ အချို့နိုင်ငံတွေဟာ မြန်မာ စစ်အုပ်စုကို အာဆီယံ နိုင်ငံရေး စားပွဲဝိုင်းဆီ နိုင်ငံရေး အဆင့် ကိုယ်စားပြုမှုအဖြစ် ပြန်လည် ပါဝင်နိုင်ဖို့အထိ မျက်နှာပေးကြပါတယ်။

ဒါပေမဲ့ အခု ICJ ရဲ့ စီရင်ချက် ထွက်ပေါ်လာပြီးနောက်မှာတော့ မြန်မာ့အရေးဟာ အာဆီယံရဲ့ “ပြည်တွင်းရေး” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖုံးကွယ်ထားလို့ မရတော့ဘဲ၊ နိုင်ငံတကာ တရားဥပဒေဆိုင်ရာ တာဝန်ရှိမှု (International Legal Accountability) အဆင့်ကို တရားဝင် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဒီအခြေအနေကြောင့် အာဆီယံ အနေနဲ့ စစ်ကောင်စီအပေါ် ပိုမို တင်းကျပ်တဲ့ သဘောထားတွေ ချမှတ်လာရဖို့ ဖိအားတွေ များလာပါလိမ့်မယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ICJ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ အာဆီယံကို တွန်းအားပေးလာကြမှာပါ။ အာဆီယံရဲ့ ဂုဏ်သိက္ခာနဲ့ ဗဟိုပြုမှု (ASEAN Centrality) ကို ထိန်းသိမ်းချင်တယ်ဆိုရင် နိုင်ငံတကာ တရားရုံးက ပြစ်မှု ထင်ရှားကြောင်း ဒါမှမဟုတ် တာဝန်ရှိကြောင်း ဆုံးဖြတ်ထားတဲ့ အာဏာပိုင် အဖွဲ့အစည်းတစ်ခုကို အာဆီယံ အစည်းအဝေးတွေမှာ ပုံမှန်အတိုင်း ပြန်လည် လက်ခံဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ဒါ့အပြင် အာဆီယံ အနေနဲ့ မြန်မာ စစ်ကောင်စီ တစ်ဖက်တည်းနဲ့သာ ဆက်ဆံနေတဲ့ မူဝါဒကို ပြန်လည် သုံးသပ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တရားဝင် ထိတွေ့ ဆက်ဆံမှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာရနိုင်ပါတယ်။

ဖိလစ်ပိုင်ရဲ့ ကြေညာချက်ထဲမှာ ပါဝင်တဲ့ “သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကြား အားလုံး ပါဝင်သော ဆွေးနွေးမှု” ဆိုတဲ့ အချက်ဟာ အာဆီယံရဲ့ ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ကြိုတင် နိမိတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။

နိဂုံးချုပ် အနေနဲ့ ဆိုရရင် ဖိလစ်ပိုင်နိုင်ငံရဲ့ ကြေညာချက်ဟာ သံတမန်ရေးရာ ယဉ်ကျေးမှု စကားလုံးတွေနဲ့ ဖုံးအုပ်ထားပေမဲ့ အနှစ်သာရ အားဖြင့်တော့ အလွန် ပြတ်သားတဲ့ နိုင်ငံရေး သတင်းစကားတစ်ခု ဖြစ်ပါတယ်။

နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးဟာ အာဆီယံရဲ့ “ဝင်ရောက် မစွက်ဖက်ရေးမူ” ထက် ပိုမို မြင့်မားပြီး အရေးကြီးတယ်ဆိုတာကို ဖိလစ်ပိုင်က မီးမောင်း ထိုးပြလိုက်တာပါ။ ICJ ရဲ့ စီရင်ချက်ဟာ မြန်မာပြည်သူတွေအတွက် တရားမျှတမှု ရှာဖွေရေး ခရီးမှာ ကြီးမားတဲ့ မှတ်တိုင်တစ်ခု ဖြစ်သလို၊ အာဆီယံ အဖွဲ့အစည်းကြီးအတွက်လည်း ကိုယ်ကျင့်တရားနဲ့ နိုင်ငံတကာ ဥပဒေ စိုးမိုးရေးဘက်မှာ ရပ်တည်မလား၊ ဒါမှမဟုတ် အာဏာရှင်တွေကို အကာအကွယ်ပေးတဲ့ အဖွဲ့အစည်းအဖြစ် သမိုင်းတွင် ခံမလားဆိုတာကို ရွေးချယ်ရမယ့် အဆုံးအဖြတ် ကာလတစ်ခုဆီ တွန်းပို့လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ မျက်နှာစာမှာ အမှန်တရားနဲ့ တရားဥပဒေ စိုးမိုးရေးဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ဒီလုပ်ရပ်ဟာ မြန်မာပြည်သူလူထုရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ကျေးဇူးတင် အမှတ်ရနေမယ့် သမိုင်းဝင် ရပ်တည်ချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။

ကိုးကား — Department of Foreign Affairs, Republic of the Philippines

ဆက်စပ်သတင်းများ

Facebook