နိုဝင်ဘာ−၂၂၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ ဖယ်ရီကားတစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားချိန် ကားသမားကို ကူညီသူနည်းပါးခဲ့လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
မနေ့က နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းက လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ အလယ်ရွာ မီးပွိုင့်အနီးမှာ စက်ရုံ အလုပ်သမားတွေကို ပို့ဆောင်တဲ့ ဖယ်ရီကားတစ်စီးရဲ့နောက်ပိုင်း အင်ဂျင်ခန်းက မီးလောင်ကျွမ်းခဲ့တာပါ။
ယာဥ်မောင်းသူလို့ ယူဆရတဲ့ အမျိုးသားဟာ မီးလောင်နေတဲ့ အင်ဂျင်ခန်းအဖုံးကို ကြိုးစားပြီး တစ်ဦးတည်း ဖွင့်နေရပြီး အခြားအမျိုးသားတစ်ဦးက ရေသန့်ဘူးကြီးတစ်ဘူးယူဆောင်လာပေးတာ တွေ့ရပါတယ်။ အဲဒီရေသန့်ဘူးကြီးနဲ့ ကားသမားဟာ မီးငြိမ်းသတ်နေတာ တွေ့မြင်ရပါတယ်။

Public Service Announcement
အခြားအမျိုးသားတစ်ဦးကလည်း တစ်လီတာ ရေသန့်ဘူးငယ်နဲ့ လာရောက်ပက်နေတာ တွေ့ရပါတယ်။ ဖြတ်သွားဖြတ်လာ ယာဥ်တွေ၊ လူတွေ ရှိနေပေမယ့် ကူညီသူ နည်းပါးခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့တာပါ။
“လူအများကြီးကွာ တံတွေးနဲ့ဝိုင်းထွေးတောင်သေတယ်။ ခုဟာကရပ်ကြည့်နေကြတယ်”လို့ လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုပါတယ်။
မီးလောင်တဲ့နေရာနဲ့ မီးသတ်ရုံးကလည်း မနီးမဝေးမှာတည်ရှိပြီး အချိန်မီ လာရောက်ငြှိမ်းသတ်တာ မတွေ့ရဘူးလို့ တွေ့မြင်ခဲ့သူတွေက ပြောပါတယ်။ “မီးငြီမ်းမှမီးသတ်ကားရောက်တာ နှစ်စီး”လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုထားပါတယ်။ အဆိုပါကားမီးလောင်မှုမှာ လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
ယခုနှစ်ထဲမှာပဲ ခရီးသည်တင်ယာဥ်တွေ၊ မီနီဘက်စ်တွေ မကြာခဏ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေပါတယ်။

























































