နိုဝင်ဘာ – ၂၂ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်း၊ ဖလူးဒေသတိုက်ပွဲတွေအတွင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)တပ်ဖွဲ့ဝင်တွေမပတ်သက်ဖို့နဲ့ တိုက်ပွဲတွေမှာပါဝင်ရင်တပ်ဖွဲ့ဝင်အဖြစ်ကနေထုတ်ပယ်လို့ DKBA ဗဟိုက မနေ့( နိုဝင်ဘာ ၂၁ ရက်)မှာ သတိပေးချက်ထုတ်ပြန်လာပါတယ်။
မြ၀တီမြို့တောင်ဘက်ထိုင်း – မြန်မာနယ်စပ်မျဉ်းအနီးရှိ ဖလူးဒေသကိုစိုးမိုးဖို့အာဏာသိမ်းစစ်တပ်ကစစ်ကြောင်းထိုးနေပြီး KNU ၊ PDF ပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲဖြစ်ပွားနေတာတစ်နှစ်ကျော်ရှိလာပါပြီ။
အဲဒီဖလူးဒေသမှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေမှာ DKBA တပ်ဖွဲ့ဝင်တွေလုံးဝပါဝင်ပတ်သက်မှုမရှိဖို့ DKBA ဗဟိုကထုတ်ပြန်လာတာပါ။

Public Service Announcement
ခိုင်လုံတဲ့မြေပြင်အချက်အလက်၊သက်သေအထောက်အထား၊ မှတ်တမ်းဓာတ်ပုံတွေနဲ့တကွပါဝင်ပတ်သက်တာကိုတွေ့ရှိရင်ပြင်းပြင်းထန်ထန်အပြစ်ပေးအရေးယူမယ့်အပြင်တပ်ဖွဲ့ဝင်အဖြစ်ကနေအပြီးအပိုင်ထုတ် ပယ်သွားမယ်လို့ DKBA က သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကိုသတိပေးထားပါတယ်။
ဖလူးဒေသတိုက်ပွဲမှာ ဝင်မပါဖို့ DKBA ရဲ့ အမိန့်ထုတ်ပြန်ချက်ဟာဒီနှစ်ထဲမှာ နှစ်ကြိမ်ရှိပါပြီ။
ပြီးခဲ့တဲ့ဇူလိုင်လကလည်း ဖလူးဒေသ စစ်ရေးပဋိပက္ခတွေမှာတပ်ဖွဲ့ဝင်တွေဝင်မပါဖို့နဲ့ ပါရင်အရေးယူမယ်ဆိုတာကို DKBA ကပထမအကြိမ်ထုတ်ပြန်ခဲ့ဖူးပါတယ်။
အဲဒီတုန်းက ဖလူးဒေသတိုက်ပွဲမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် DKBA စစ်ဦးစီးအရာရှိချုပ်စောဆန်းအောင်လက်အောက်ရှိတပ်ဖွဲ့ဝင်အချို့နဲ့ အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။
စစ်တပ်ထောက်ခံသူလော်ဘီတချို့တွေကတော့ဖလူးဒေသတိုက်ပွဲတွေမှာ DKBA တပ်ဖွဲ့တွေအချို့ဟာ KNUပူးပေါင်းတပ်ဖွဲ့ကို ပါဝင်ကူညီပေးနေတယ်လို့ စွပ်စွဲပြောဆိုရေးသားတာတွေရှိနေပါတယ်။ DKBA ဟာ စစ်တပ်နဲ့ နေပြည်တော်မှာသွားရောက်တွေ့ဆုံဆွေးနွေးထားတဲ့အဖွဲ့ဖြစ်ပါတယ်။

























































