ဝက်ကျောက်ကပ်နဲ့ အစားထိုး ကုသမှု ခံယူထားတဲ့ အမေရိကန် အမျိုးသမီး တစ်ဦးဟာ တစ်နှစ်ကြာမြင့်လာတဲ့ထိ ကြီးကြီးမားမား ပြဿနာ မကြုံရဘဲ ကျန်းကျန်းမာမာ ရှိနေတယ်လို့ သိရပါတယ်။
မော်လီ ဖယ်လ်ကိုဆိုတဲ့ အမျိုးသမီးဟာ မျိုးဗီဇ ပြောင်းလဲထားတဲ့ ဝက်ကျောက်ကပ်ကို အစားထိုးတပ်ဆင်တဲ့ ခွဲစိတ်ကုသမှု ခံယူထားတာပါ။ နယူးဟမ့်ရှိုင်းယားမှာ နေထိုင်တဲ့ အသက် ၅၈ နှစ်အရွယ် ဖယ်လ်ကိုဟာ ဝက်ကျောက်ကပ်နဲ့ အစားထိုးပြီး အသက်ဆက်နေသူတွေထဲမှာ အချိန်အကြာဆုံး အသက်ရှင်သူလည်း ဖြစ်လာပါတယ်။ ဒါဟာ လူ့ခန္ဓာကိုယ်မှာ တိရစ္ဆာန် အင်္ဂါအစိတ်အပိုင်း အစားထိုး ကုသမှု ဆေးပညာ နယ်ပယ်အတွက် အရေးပါတဲ့ မှတ်တိုင်သစ်လည်း ဖြစ်လာပါတယ်။
ဖယ်လ်ကိုဟာ မွေးရာပါ ကျန်းမာရေး ပြဿနာတွေကြောင့် ကျောက်ကပ် ပျက်စီးမှု ကြုံတွေ့ခဲ့သူ ဖြစ်ပါတယ်။ သူဟာ မနှစ်က နိုဝင်ဘာလတုန်းက ဝက်ကျောက်ကပ်နဲ့ အစားထိုး ခွဲစိတ်မှုကို ခံယူခဲ့ပြီး အစောပိုင်းမှာတော့ ပြဿနာတချို့ ကြုံခဲ့ပါသေးတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ လကစလို့ ဖယ်လ်ကိုက ဆေးရုံကို ပြန်သွားစရာ လုံးဝ မလိုတော့ပါဘူး။
မျိုးဗီဇ ပြုပြင်ပြောင်းလဲထားတဲ့ ဝက်ကျောက်ကပ်ဟာ သွေးထဲက အဆိပ်အတောက်တွေကို စစ်ထုတ်တာ၊ ဆီးထုတ်ပေးတာ၊ ခန္ဓာကိုယ်ထဲက ရေနဲ့ သတ္တုဓာတ်တွေကို ထိန်းညှိပေးတာစတဲ့ လူ့ကျောက်ကပ်ရဲ့ အရေးကြီး လုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက် ကိုင်တွယ်ပေးနေတာကို ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။

Public Service Announcement
တစ်နှစ်ကြာပြီးတဲ့ထိ ကျောက်ကပ်က ကောင်းကောင်း အလုပ်လုပ်နေတာက အံ့ဩစရာ ကောင်းကြောင်း၊ သူ့ကိုယ်ထဲက ဝက်ကျောက်ကပ်ကို တစ်သက်လုံးသာ အသုံးပြုနိုင်မယ် ဆိုရင်တော့ အတိုင်းအထက် အလွန်ပဲဖြစ်ကြောင်း ဖယ်လ်ကိုက ဖွင့်ဟခဲ့ပါတယ်။
အခုတော့ ဖယ်လ်ကိုဟာ ပုံမှန် သာယာပျော်ရွှင်တဲ့ ဘဝကို ပြန်လည် ရရှိနေပြီး မိသားစုအတွက် ဟင်းချက်ပေးတာ၊ မိတ်ဆွေတွေဆီ သွားရောက်လည်ပတ် တွေ့ဆုံတာ၊ ကးမောင်းတာတွေ လုပ်နေပါပြီ။ အရင်တုန်းက သူဟာ ကျောက်ကပ်ဆေးကြော ကုသမှုတွေ ခံယူနေခဲ့ရပြီး ကားလည်း မမောင်းနိုင်ခဲ့ပါဘူး။
ဝက်ကျောက်ကပ်နဲ့ အစားထိုး ကုသမှုတွေဟာ စမ်းသပ် သုတေသနပြုဆဲ အဆင့်မှာသာ ရှိနေသေးပေမယ့် အနာဂတ်မှာတော့ ကျောက်ကပ် ပျက်စီးနေသူတွေအတွက် ကျောက်ကပ် အလုံအလောက် ရရှိစေမယ့် ဖြေရှင်းမှု နည်းလမ်းတစ်ခု ဖြစ်လာစေဖို့ ဆေးသိပ္ပံ ပညာရှင်တွေက မျှော်လင့်ထားပါတယ်။
အမေရိကန်မှာ ကျောက်ကပ် ပျက်စီးလို့ ကျောက်ကပ်ဆေးကြော ကုသမှု ခံယူနေရသူ ၅ သိန်းကျော် ရှိနေပြီး ကျောက်ကပ် အစားထိုးဖို့ စောင့်ဆိုင်းနေသူ ၉ သောင်းကျော် ရှိပါတယ်။ ဒါပေမဲ့ မနှစ်က တစ်နှစ်လုံးမှာ ကျောက်ကပ် အလှူခံ ရရှိသူ ၂၆၀၀၀ အောက်သာ ရှိခဲ့ပြီး ပျမ်းမျှအားဖြင့် တစ်နေ့ကို ကျောက်ကပ်လူနာ ၁၂ ယောက်ဟာ အလှူရှင်ကို စောင့်ရင်း သေဆုံးနေခဲ့ကြကြောင်း သိရပါတယ်။
တစ်ဖက်မှာတော့ မျိုးဗီဇနဲ့ ဆဲလ်ပွားမှု ဆေးပညာတွေ တိုးတက်လာခြင်းနဲ့အတူ ဝက်ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို လူ့ခန္ဓာကိုယ်နဲ့ ပိုပြီး သဟဇာတဖြစ်အောင် ပြုပြင်မှုတွေ လုပ်လာနိုင်ခဲ့ပါတယ်။ ဖယ်လ်ကို လက်ခံထားတဲ့ ကျောက်ကပ်မှာတော့ မျိုးဗီဇ ပြင်ဆင်မှု ၆၉ ခု ပြုလုပ်ထားပြီး အဲဒီထဲမှာ ဝက်ကနေ ဗိုင်းရပ်စ်ပိုးမွှား ကူးစက်နိုင်ခြေတွေကို လျှော့ချဖို့ ပြုပြင်ထားမှု ၅၉ ခု ပါဝင်နေပါတယ်။
တစ်ချိန်တည်းမှာပဲ လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ်က အစားထိုးထားတဲ့ ကိုယ်တွင်းအင်္ဂါကို ပြင်ပ အဖျက်အမှောင့်အဖြစ် ယူဆပြီး တိုက်ခိုက်ဖျက်ဆီးတာမျိုး မဖြစ်စေဖို့ ကိုယ်ခံအားနှိမ် ဆေးဝါးတွေနဲ့ ထိန်းညှိပေးရလေ့ ရှိပါတယ်။ ၂၀၂၄ ခုနှစ်ကစလို့ အမေရိကန်မှာ eGenesis ကုမ္ပဏီက ဖန်တီးထားတဲ့ မျိုးဗီဇပြောင်း ဝက်ကျောက်ကပ်တွေကို လူ ၆ ဦးမှာ ခွဲစိတ် အစားထိုးပေးခဲ့ပါတယ်။
ပထမဆုံး အစားထိုးကုသမှု ခံယူတဲ့ လူနာကတော့ နှလုံးရောဂါကြောင့် သိပ်မကြာခင်မှာ သေဆုံးခဲ့ပါတယ်။ နောက်ထပ် လူနာ ၂ ယောက်မှာတော့ ခန္ဓာကိုယ်က ဆက်ပြီး လက်မခံတော့တာကြောင့် ရှစ်လနဲ့ ကိုးလ ကြာပြီးချိန်မှာ ပျက်စီး ဆုံးရှုံးသွားရပါတယ်။ နောက်ထပ် လူနာ ၂ ယောက်ကတော့ ဝက်ကျောက်ကပ်တွေကို ဆက်ပြီး အသုံးပြုနေဆဲပါ။
ဇန်နဝါရီလမှာတော့ ဆေးရုံပေါင်း ၁၀ ခုမှာ လူနာ ၃၃ ဦးကို ဝက်ကျောက်ကပ် အစားထိုး စမ်းသပ်ကုသမှုတွေ လုပ်ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။ နောက်ထပ် ဇီဝနည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ United Therapeuticsကလည်း မျိုးဗီဇ ပြောင်းလဲထားတဲ့ ဝက်ကျောက်ကပ်တွေကို သုတေသနပြု ဖန်တီးနေကြောင်း သိရပါတယ်။
ကိုးကား: New York Times
























































