Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယားလက်နက် တပ်ထားတဲ့ ဂြိုဟ်တုကို ရုရှားလွှတ်တင်မယ်ဆိုတဲ့ သတင်းတွေကို NATO တုံ့ပြန်

နျူကလီးယား လက်နက် တပ်ဆင်ထားတဲ့ ဂြိုဟ်တုတစ်လုံးကို အာကာကသထဲ လွှတ်တင်ဖို့ ရုရှားက စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့နောက် NATO စစ်မဟာမိတ် အဖွဲ့က အာကာသထဲက ဘယ်လို ခြိမ်းခြောက်မှုကိုမဆို တုံ့ပြန် ကာကွယ်ဖို့ စီစဉ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

နျူကလီးယား လက်နက် တပ်ဆင်ထားတဲ့ ဂြိုဟ်တုတစ်လုံးကို အာကာကသထဲ လွှတ်တင်ဖို့ ရုရှားက စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့နောက် NATO စစ်မဟာမိတ် အဖွဲ့က အာကာသထဲက ဘယ်လို ခြိမ်းခြောက်မှုကိုမဆို တုံ့ပြန် ကာကွယ်ဖို့ စီစဉ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

NATO အဖွဲ့ဝင် နိုင်ငံတွေကြားမှာ မျှဝေရောက်ရှိလာတဲ့ ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင်မှာတော့ ရုရှားဟာ လာမယ့် ရက်ပေါင်း ၆၀ လောက်အတွင်း နျူကလီးယား လက်နက်တပ်ထားတဲ့ ဂြိုဟ်တု လွှတ်တင်ဖို့ အစီအစဉ် ရှိနေတယ်လို့ ပါရှိလာကြောင်း ဂျာမန် မီဒီယာတွေက ဖော်ပြကြပါတယ်။ အဲဒီ အစီရင်ခံစာကို ဘယ်နိုင်ငံက တင်သွင်းသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

NATOရဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးကတော့ NATOဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ ပိုင်နက်ကို တစ်လက်မလေးတောင်မှ အထိပါး မခံရတာ သေချာစေဖို့ အမြဲတမ်း လုပ်ဆောင်နေခဲ့ကြောင်း၊ အဲဒီ ရည်ရွယ်ချက်ထဲမှာ အာကာသကနေ ရောက်လာမယ့် ခြိမ်းခြောက်မှုတွေကနေ ဘေးကင်း လုံခြုံစေရေး ဆိုတာလည်း ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှား အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ NATOဟာ တိတိကျကျ ဘာမှမရှိတဲ့ အစီရင်ခံစာ တစ်စောင်ကို ယုံပြီး ပြာယာခတ်နေတယ်ဆိုတဲ့ သဘောမျိုး လှောင်ပြောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သတင်းရင်းမြစ် ဘယ်သူဘယ်ဝါ ဆိုတာတောင် သေချာ မသိရတဲ့ အဲဒီလို အစီရင်ခံစားမျိုးကို ငြင်းဆိုကြောင်း၊ ဒီအကြောင်းအရာမျိုးက တကူးတက ထည့်စဉ်းစားနေတာမျိုးတောင် မလုပ်သင့်ကြောင်း ပက်စ်ကော့ဗ်က ပြောပါတယ်။ အလားတူ ဂျာမနီ နိုင်ငံဆိုင်ရာ ရုရှားသံရုံးကလည်း ဂျာမန် မီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းဟာ အခြေအမြစ် ကင်းမဲ့တဲ့ စွပ်စွဲမှု တစ်ခုလို့ ဝေဖန်ခဲ့ပြီး ဝါဒဖြန့် လှုပ်ရှားမှု တစ်ခုထက် မပိုဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ဂျာမနီရဲ့ မြို့တော် ဘာလင်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာတော့ ရူတေးက NATOဟာ ဖြစ်နိုင်ခြေ အားလုံးအတွက် ကွဲပြားတဲ့ တုံ့ပြန်ရေး အစီအစဉ်တွေကို ရေးဆွဲထားကြောင်း ပြောကြားခဲ့ပါတယ်။ စစ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတိုင်းမှာ NATOဟာ ခုခံတုံ့ပြန်နိုင်စွမ်းနဲ့ ကာကွယ်ရေး အစီအစဉ်တွေကို အမြဲတမ်း ပြန်သုံးသပ်နေပြီး လိုအပ်တဲ့ အဆင့်မြှင့်တင်မှုတွေကို မပျက်မကွက် လုပ်ဆောင်နေကြောင်း သူက ဆိုပါတယ်။

ရူတေးနဲ့အတူ ရှိနေခဲ့တဲ့ ဂျာမန် အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်ကတော့ ရုရှားက အာကာသထဲမှာ နျူကလီးယားလက်နက် တပ်ဆင်ဖို့ ကြံစည်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် တိုက်ရိုက် မှတ်ချက် မပေးခဲ့ပါဘူး။ ဒါပေမဲ့ ရုရှားက ရန်လို တင်းမာတဲ့ သဘောထားနဲ့ လုပ်ရပ်တွေကို အရှိန်မြှင့်နေတယ် ဆိုတာတော့ ထင်ရှားတယ်လို့ မားဇ်က ပြောပါတယ်။

အာကာသထဲမှာ နျူကလီးယားလက်နက် တပ်ဆင်ဖို့ ရုရှားက ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းမျိုးဟာ အသစ်အဆန်း မဟုတ်တော့ပေမယ့်လည်း ပေါ့ပေါ့ဆဆ တွေးလိုက်လို့လည်း လုံးဝ မရကြောင်း ဂျာမန် အစိုးရ အကြီးအကဲက မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ