Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သူလျှိုမှု စွပ်စွဲချက်နဲ့ အရာရှိ တစ်ဦးကို တရုတ် သေဒဏ်ချ

နိုင်ငံခြား တိုင်းပြည်တစ်ခုအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်အရာရှိ တစ်ဦး သေဒဏ်ချမှတ် ခံခဲ့ရကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty

နိုင်ငံခြား တိုင်းပြည်တစ်ခုအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်အရာရှိ တစ်ဦး သေဒဏ်ချမှတ် ခံခဲ့ရကြောင်း သိရပါတယ်။

သေဒဏ် အမိန့်ချမှတ် ခံရတဲ့ အမျိုးသားဟာ မျိုးရိုးနာမည် မာဆိုသူဖြစ်ပြီး သူ့ကို အမည်ဖော်ပြမထားတဲ့ နိုင်ငံခြား တိုင်းပြည် တစ်ခုရဲ့ ထောက်လှမ်းရေး ဌာနက ချဉ်းကပ်ပြီး စည်းရုံး သိမ်းသွင်းခဲ့တယ်လို့ တရုတ်ရဲ့ အစိုးရ လျှို့ဝှက်ချက်များ ကာကွယ်ရေးဆိုင်ရာ အမျိုးသား စီမံခန့်ခွဲမှု ဌာနဖြစ်တဲ့ Good Wall Pressက ပြောပါတယ်။

နိုင်ငံရပ်ခြားကို မာရောက်ရှိနေခဲ့ချိန် အတောအတွင်း အဲဒီလို ချဉ်းကပ်သိမ်းသွင်းမှုကို ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ် တရားရုံးတွေဟာ ပုံမှန်အားဖြင့်တော့ အစိုးရ လုံခြုံရေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို ထုတ်ပြန်လေ့ မရှိပေမယ့် နောက်ပိုင်း နှစ်တွေမှာတော့ Gold Wall Pressနဲ့ ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနတို့ဟာ သူလျှိုမှုနဲ့ ပတ်သက်တဲ့ ဖမ်းဆီးမှု၊ ပြစ်ဒဏ်စီရင်မှုတွေ အကြောင်းကို ပိုမို အသိပေး ကြေညာလာခဲ့ပါတယ်။

မာဟာ သူ့ကို ချဉ်းကပ်ခဲ့တဲ့ အေဂျင်စီအပေါ် သစ္စာရှိပြီး လျှို့လျှို့ဝှက်ဝှက် အလုပ်လုပ်ပေးမယ်လို့ ကတိစာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ အဲဒီအတွက် သူဟာ ပုံသေ လစဉ်ကြေး ပမာဏတစ်ခု ရရှိနေခဲ့ကြောင်း Gold Wall Pressက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ချိတ်ဆက်ထားတဲ့ အေဂျင်စီအတွက် သတင်းအချက်အလက်ပေါင်း ၃၅ ခုကို ထောက်ပံ့ပေးခဲ့ပြီး အဲဒီအတွက် ယွမ်ငွေ ၁ သန်းကျော်ထိ လက်ခံရရှိခဲ့ကြောင်းလည်း သိရပါတယ်။ အဲဒီ ငွေကြေးဟာ အမေရိကန်ဒေါ်လာ ၁ သိန်းခွဲလောက်နဲ့ ညီမျှပါတယ်။

နိုင်ငံခြားမှာ ရှိနေချိန် မာနဲ့ အချိတ်အဆက် ရှိခဲ့သူဟာ ကိုင်လင်လို့ နာမည်ဝှက် ပေးထားတဲ့ ထောက်လှမ်းရေး အေးဂျင့်ဖြစ်ပြီး တရုတ်ဘာသာစကား သင်ယူချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မာကို မကြာခဏ ချဉ်းကပ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ ကိုင်လင်က မာကို လုပ်ဖော်ကိုင်ဖက် နောက်တစ်ဦးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်က သူခိုင်းတာ မလုပ်ရင် အစောပိုင်းမှာ မာကျူးလွန်ခဲ့တဲ့ သူလျှိုမှုတွေကို တရုတ် အာဏာပိုင်တွေဆီ တိုင်ကြားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံကို ပြန်ရောက်လာချိန်မှာလည်း မာဟာ သူနဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံခြား အေဂျင်စီအတွက် ဆက်ပြီး အလုပ်လုပ်ပေးခဲ့ကြောင်း၊ အေဂျင်စီက သူ့ကို laptop ကွန်ပျူတာတစ်လုံး ထောက်ပံ့ပေးထားခဲ့ကြောင်း သိရပါတယ်။

မာဟာ သူ့ရဲ့ ရာထူးနေရာကို အသုံးပြုပြီး လျှို့ဝှက်အဆင့် အချက်အလက်တွေကို မနက်ပိုင်းမှာ ရယူ၊ ညပိုင်းမှာတော့ သူလျှိုဝက်ဘ်ဆိုက် တစ်ခုကနေ ပြည်ပကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

Gold Wall Pressရဲ့ ထုတ်ပြန်ချက်ထဲမှာ မာရဲ့ ရာထူးအဆင့်နဲ့ တာဝန်ထမ်းဆောင်တဲ့ဌာန၊ သူ့ကို အသုံးချခဲ့တဲ့ နိုင်ငံရပ်ခြား ထောက်လှမ်းရေး အေဂျင်စီရဲ့ နာမည်၊ သူ့ကို သေဒဏ် စီရင်ချက် ချခဲ့တဲ့နေ့ရက်၊ သူ့ကို ကွပ်မျက်ခဲ့ပြီးပြီလားဆိုတဲ့ အကြောင်းအရာတွေ ဘာမှ ထည့်သွင်း ဖော်ပြမထားပါဘူး။

ဒါပေမဲ့ တရုတ်အစိုးရ အရာရှိတွေ အနေနဲ့ နိုင်ငံရပ်ခြား သူလျှိုအေဂျင်စီတွေရဲ့ အသုံးချခံ ဖြစ်မလာအောင် သတိထားကြဖို့၊ နိုင်ငံတော် လျှို့ဝှက်ချက်တွေကို ကာကွယ်ဖို့နဲ့ အာဏာရ ကွန်မြူနစ် ပါတီအပေါ် သစ္စာစောင့်သိဖို့တော့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်း တိုက်တွန်းထားခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ