Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒီဇင်ဘာလလယ်မှာဘင်္ဂလားဒေ့ရှ်ပြန်မယ်လို့ဟာဆီနာကြေညာ၊ အစိုးရကို လေယာဉ်စီစဉ်ခိုင်း

ဒီဇင်ဘာ လလယ်မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ဘင်္ဂလားဒေ့ရှ်ဆီ ပြန်သွားဖို့ ရည်ရွယ်ထားကြောင်း သူ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။

ဓာတ်ပုံ - AP

နိုဝင်ဘာ – ၂၄ ၊၂၀၂၆

ဒီဇင်ဘာ လလယ်မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ဘင်္ဂလားဒေ့ရှ်ဆီ ပြန်သွားဖို့ ရည်ရွယ်ထားကြောင်း သူ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေကြောင့် ရာထူးကနေ ပြုတ်ကျပြီး အိန္ဒိယမှာ သွားရောက် ခိုလှုံ တိမ်းရှောင်နေရတဲ့ ဟာဆီနာဟာ နှစ်ကုန်ပိုင်းမှာ ဇာတိနိုင်ငံ ပြန်လာမယ်လို့ ကြိုတင် ကြေညာထားပါတယ်။ သူဟာ ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ကြောင်း စွပ်စွဲချက်အတွက်လည်း မျက်ကွယ်သေဒဏ် ချမှတ်ခြင်း ခံထားရပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက ဟာဆီနာအတွက် ပတ်စ်ပို့တ် ထုတ်ပေးဖို့ ငြင်းဆိုထားပြီး အဲဒီအစား သူ့ကို ရာဇဝတ်ကောင် တစ်ဦးအနေနဲ့ လက်လွှဲပေးဖို့ အိန္ဒိယ အစိုးရကို တောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၄ ရက်နေ့မှာတော့ ဟာဆီနာရဲ့ ပြောရေးဆိုခွင့်ရ ဆာယက်ဒ် မိုဇာမဲလ် အလီက ဘင်္ဂလားဒေ့ရှ်ကို ၁၅ နှစ်ကျော် အုပ်ချုပ်ခဲ့ဖူးတဲ့ ဝန်ကြီးချုပ်ဟောင်းဟာ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြန်လာဖို့ ရည်မှန်းထားကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီနေ့ဟာ ပါကစ္စတန်နဲ့ ဆင်နွှဲခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲ ၁၉၇၁ ခုနှစ်မှာ ပြီးဆုံးခဲ့မှု နှစ်ပတ်လည် ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒါဟာ ဘင်္ဂလားဒေ့ရှ်ဆီ သူပြန်သွားမယ့် နေ့နဲ့ပတ်သက်လို့ ဟာဆီနာဖက်က ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြန်လာခြင်းလည်း ဖြစ်ပါတယ်။ အလီက ဟာဆီနာကို ဒေလီကနေ ဒါကာမြို့တော်ဆီ ပြန်ခေါ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ Biman Bangladesh လေကြောင်းလိုင်းနဲ့ ခရီးစဉ်တစ်ခု သေချာ စီစဉ်ပေးဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။

ဟာဆီနာဟာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတုန်းက ဘင်္ဂလားဒေ့ရှ်ရဲ့ လေယာဉ်တစ်စီးနဲ့ အိန္ဒိယကို ထွက်ခွာသွားခဲ့တာ ဖြစ်ကြောင်း၊ အခုအခါ အစိုးရက သူ့ရဲ့ အပြန်ခရီးအတွက် စီစဉ်ပေးဖို့ ဟာဆီနာ ကိုယ်တိုင် တောင်းဆိုထားကြောင်း၊ ပြည်ပမှာ ဟာဆီနာ သွားရောက်နေထိုင်ရတဲ့ အခြေအနေတွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ကိုက်ညီမှု မရှိတဲ့အတွက် သူ့ကို ဒီဇင်ဘာ ၁၆ ရက်၊ အောင်ပွဲနေ့မှာ ပြန်လည် ခေါ်ဆောင်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရမှာ တာဝန်ရှိကြောင်း အလီက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဖက်ကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး သဘောထား တုံ့ပြန်မှု တစ်ခုခု မရှိသေးပါဘူး။ အစောပိုင်းတုန်းကတော့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ဟာဆီနာဟာ သူ့ရဲ့ တရားရေး ပြစ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ခြေချတာနဲ့ တန်းပြီး အဖမ်းခံရမှာ ဖြစ်တယ်လို့ မှတ်ချက် ပေးထားပါတယ်။ ဒါပေမဲ့ ဟာဆီနာကို ပြန်ခေါ်ဖို့ အိန္ဒိယဆီ လေယာဉ်လွှတ်ပေးမယ် ဆိုတာမျိုး ဆွေးနွေးထားတာ မရှိသေးဘူးလို့လည်း အဲဒီဝန်ကြီးက ဆိုပါတယ်။

ဟာဆီနာရဲ့ ပတ်စ်ပို့တ် လျှောက်ထားမှုကို အစိုးရက ငြင်းဆိုခဲ့တဲ့နောက် ဘင်္ဂလားဒေ့ရှ်မှာ ဟာဆီနာကို အားပေး ထောက်ခံတဲ့ ဆန္ဒပြသူတွေနဲ့ သူ့ကို ဆန့်ကျင်သူတွေကြား ပဋိပက္ခ အခြေအနေတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ကုလသမဂ္ဂ (UN)ရဲ့ ခန့်မှန်းမှုအရ ဟာဆီနာကို ဆန့်ကျင်တဲ့ ၂၀၂၄ လူထုအုံကြွမှုအတွင်း ဆန္ဒပြသူ အများစု အပါအဝင် လူပေါင်း ၁၄၀၀ လောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။ မနှစ်က နိုဝင်ဘာလမှာတော့ ဘင်္ဂလားဒေ့ရှ် တရားရုံးက ဟာဆီနာဟာ ဆန္ဒပြသူတွေကို သတ်ဖြတ်ဖို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ညွှန်ကြားခဲ့ကြောင်း ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ပြီး မျက်ကွယ်သေဒဏ် ချမှတ်ခဲ့ပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ