နိုဝင်ဘာ-၂၅၊၂၀၂၆။People’s Spring
နောက်ထပ် ထောင်နဲ့ချီ များပြားတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့ဖို့ စီစဉ်ထားပြီးဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။
အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ညှိနှိုင်းထားတဲ့ အစီအစဉ်တွေအရ နောက်ထပ် မြန်မာနိုင်ငံသား ၆၅၀၀ လောက်ကို ပြန်ပို့သွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ အန်ဝါက အတည်ပြုခဲ့ပါတယ်။
အရှေ့တောင်အာရှ ဒေသတွင်းက မွတ်ဆလင်အများစုနေထိုင်ရာမလေးရှားနိုင်ငံဟာ သမိုင်းကြောင်း အရတော့ မြန်မာနိုင်ငံက ဖိနှိပ်မှုတွေ ဒဏ်ကနေ ထွက်ပြေးလာသူတွေအတွက် လုံခြုံတဲ့ ခိုနားရာ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်း အခြေချသူတွေနဲ့ ဒုက္ခသည်တွေ တိုးပွားလာခြင်းရဲ့ နောက်ဆက်တွဲ စိန်ခေါ်မှုတွေ ကြုံလာတဲ့နောက် မလေးရှား အစိုးရရဲ့ ဒုက္ခသည် လက်ခံရေး မူဝါဒမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။

Public Service Announcement
မလေးရှားဟာ စက်တင်ဘာ လကုန်ပိုင်းတုန်းကလည်း မြန်မာစစ်တပ်နဲ့ ညှိနှိုင်းပြီး မြန်မာနိုင်ငံသား ၁၅၀၀ နီးပါးလောက်ကို နေရပ် ပြန်ပို့ခဲ့ပါတယ်။ ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ နိုင်ငံဆီ ဒုက္ခသည်တွေကို ပြန်ပို့ခဲ့တဲ့ မလေးရှားရဲ့ ဆုံးဖြတ်ချက်အပေါ် စိုးရိမ်တကြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်ခဲ့ကြောင်း ပြစ်မှုထင်ရှားတယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က စီရင်ချက် ချမှတ်ခဲ့ပြီး ၅ ရက်အကြာမှာတော့အန်ဝါကဒုတိယအသုတ်မြန်မာနိုင်ငံသားတွေပြန်ပို့ဖို့ စီစဉ်နေတဲ့အကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ မြန်မာ နိုင်ငံသား၁,၅၀၀ ကို ပြန်ပို့ဖို့ ရေတပ်သင်္ဘော ၃ စီး စီစဉ်ထားပြီး ဒီကိစ္စကို နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အတည်ပြုပေးထားကြောင်း အန်ဝါက မလေးရှား လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာလထဲမှာ မြန်မာနိုင်ငံသား ၅၃၀၃ ယောက်ကိုလည်း လေကြောင်းကနေ နေရပ်ပြန်ပို့မှာဖြစ်ပြီး ကုန်ကျစရိတ်တွေကို မြန်မာဖက်က ကျခံလိမ့်မယ်လို့ သူကဆိုပါတယ်။
အောက်တိုဘာလတုန်းက မလေးရှား အစိုးရဟာ မြန်မာဆီ ပထမအသုတ် ပြန်ပို့ခဲ့တဲ့ ဒုက္ခသည်တွေထဲက ရာဂဏန်းလောက်က စစ်တပ်ရဲ့ ချုပ်နှောင်မှု ခံနေရတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မြန်မာ အာဏာပိုင်တွေဆီက ရှင်းလင်းမှု တောင်းခံမယ်လို့ ကြေညာခဲ့ဖူးပါတယ်။ဒါပေမယ့်အန်ဝါက အဲဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့သလို နောက်ဆက်တွဲဘာမှမသိရပါဘူး။
သူက မလေးရှားဟာ ရိုဟင်ဂျာနဲ့ လူနည်းစု တိုင်းရင်းသား မျိုးနွယ်တွေရဲ့ အခြေအနေတွေအပေါ် အလေးအနက်စိုးရိမ်မှု ရှိကြောင်း၊ အဲဒီ အချက်ကို ICJရဲ့စီရင်ချက်မှာလည်း အထူးအလေးပေး ဖော်ပြထားကြောင်း ပြောပါတယ်။
မလေးရှားဟာ ၁၉၅၁ ခုနှစ်၊ ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းမှာပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသလို အဲဒီ သဘောတူညီမှုကိုလည်း အသိအမှတ် ပြုမထားပါဘူး။ ဒါပေမဲ့ အရှေ့တောင် အာရှမှာတော့ ဒုက္ခသည် အရေအတွက် အများဆုံး လက်ခံထားတဲ့ နိုင်ငံတွေထဲက တစ်ခုအဖြစ် ရပ်တည်နေပါတယ်။
အန်ဝါက မလေးရှားရောက် ရိုဟင်ဂျာတွေထဲက အယောက် ၁၀၀၀၀ လောက်ကို တူရကီက လက်ခံသွားမယ် ဆိုတာကိုလည်း ငြင်းဆိုခဲ့ပါတယ်။ အစောပိုင်းတုန်းက မလေးရှား ဒုတိယ ဝန်ကြီးချုပ်အာမက်ဇာဟစ်ဟာမီဒီရဲ့ဖေစ်
ဘွခ် Facebook စာမျက်နှာမှာ တူရကီဟာ ရိုဟင်ဂျာ ၁၀၀၀၀ လောက်ကို ကျွမ်းကျင်မှု လေ့ကျင့်ရေး အစီအမံ တစ်ခုအောက်ကနေ ခေါ်ယူသွားမယ်လို့ဖော်ပြခဲ့ပေမယ့်နောက်တော့ ဘာဖြေရှင်းချက်မှ မပေးဘဲပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အာမက် ဇာဟစ်က ဒီကိစ္စကို အကောင်အထည် ဖော်ဖို့က အဆင်သင့်မဖြစ်သေးတဲ့ အခြေအနေတွေ ရှိနေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ဒါပေမဲ့ရိုဟင်ဂျာတွေကိုအစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေး (OIC) အဖွဲ့ဝင် နိုင်ငံတွေ အပါအဝင် တတိယ နိုင်ငံတွေဆီ လွှဲပြောင်း အခြေချပေးနိုင်ဖို့တော့ ဆက်လက် ညှိနှိုင်းသွားမယ်လို့ ဒုတိယ ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။
ကိုးကား: AFP
























































