နို၀င်ဘာ-၂၅၊၂၀၂၆။ဇော်၀င်း/People’s Spring
ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျနေပြီး ငွေဈေးမငြိမ်တာကြောင့် ပြည်ပထုတ်ကုန်စည်ရောင်းချသူတွေ အခက်တွေ့နေပါတယ်။
အောက်တိုဘာကတည်းက နိုင်ငံခြားငွေလဲနှုန်းတွေ နေ့စဉ်နဲ့အမျှ မြင့်တက်နေတာဖြစ်ပြီး တစ်လ အတွင်း တစ်ဒေါ်လာ ငွေလဲနှုန်း ၁၂ ရာခိုင်နှုန်းနဲ့ ထိုင်းဘတ်တန်ဖိုးက ကျပ်ငွေနဲ့ယှဉ်ရင် ၁၅ ရာခိုင်နှုန်း ၀န်းကျင် တက်လာတယ်လို့ ငွေလဲသူတချို့က ဆိုပါတယ်။
“အခုမနက်တင် ကျပ်တစ်သိန်း (၆၃၅ဘတ်)က ၆၃၁ ဘတ်ထိ ကျသွားတယ်”လို့ ကျပ်-ဘတ် လဲလှယ်နေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
ကျပ်ငွေကြေးဖောင်းပွမှု၊နိုင်ငံရဲ့ဘဏ္ဍာရေးမူဝါဒတွေ အပါအ၀င် ကျပ်ငွေအပေါ် ယုံကြည်မှုနည်းပါးလာမှုကြောင့် နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာခြင်းရဲ့ အဓိက အကြောင်းအရာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အသိပေးပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေမှာ အိမ်နီးချင်းထိုင်းနိုင်ငံအပေါ် မြန်မာပြည်သူတွေရဲ့စီးပွားရေးလူမှု၀န်းကျင်အတွက် မှီခိုနေရတာကြောင့် ဘတ်ငွေ ၀ယ်လိုအားကြောင့်လည်း ကျပ်ငွေတန်ဖိုးကျဆင်းမှုက ပိုသိသာစေတယ်လို့ သူက ဆိုပါတယ်။
“အခုက တစ်ရက်ထဲမှာကို ဈေးကသုံးမျိုးလောက် ပြောင်းနေတာ။ကျပ်ငွေဈေးကျတာ။အဲဒါကြောင့်ရောင်းမယ့်ဈေးက တသမတ်တည်း ထားမရတော့ဘူးလေ”လို့ အွန်လိုင်းက တဆင့် ပြည်ပထုတ်အလှကုန်ပစ္စည်းတွေ ရောင်းချနေသူတစ်ဦးက ပြောပါတယ်။
ဒီကနေ့ (နိုဝင်ဘာ ၂၅ ရက်) မနက်ပိုင်း တစ်ဒေါ်လာ ငွေလဲနှုန်းအရ ကျပ် ၅,၃၀၀ ၀န်းကျင်ရှိပြီး လွန်ခဲ့တဲ့တလ ၀န်းကျင်ကထက် နှိုင်းယှဉ်ရင် တစ်ဒေါ်လာ ၆၃၀ ကျပ် ၀န်းကျင် မြင့်တက်သွားတာဖြစ်ပါတယ်။
မြန်မာအပေါ် နိုင်ငံတကာ အရေးယူမှုတွေဖြစ်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုမှာ အပြစ်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့အမိန့်ချမှတ်မှု နဲ့ နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေအဖွဲ့ (FATF) ရဲ့ မြန်မာအပေါ် ကန့်သတ်မှုတွေ ဆက်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပါ နိုင်ငံခြားငွေလဲနှုန်းတွေ မြင့်တက်လာစေတဲ့ အကြောင်းအရင်းတွေထဲက တခုဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းစီးပွားရေးအခြေအနေတွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတဲ့ ဝန်ထမ်းတွေ ကိုလစာတိုးမြှင့်မယ့် အလားအလာနဲ့ ပြည်ပလုပ်သား၊ သင်္ဘောသားတွေရဲ့ တရားဝင်ငွေလွှဲနှုန်း တိုးမြှင့်လိုက်တာ အပါအ၀င် ကျပ်ငွေ ဘီလီယံထောင်နဲ့ချီပြီ လိုငွေပြမှုတွေကြောင့်လည်း ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းနေတာလို့ စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာကတည်းက ဘက်ဂျက်လိုငွေအတွက် စစ်တပ်လွှတ်တော်ကတဆင့် ဗဟိုဘဏ်ဆီကချေးယူခွင့်ပြုခဲ့တာကြောင့် နိုင်ငံခြားငွေလဲနှုန်းတွေမြင့်တက်ခဲ့တာနဲ့ ကြောင့် ကျပ်ငွေ တန်ဖိုးကျဆင်းမှုတွေ ဆက်တိုက်ဖြစ်လာခဲ့တာပါ။
လက်ရှိကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ နိုင်ငံခြားငွေလဲနှုန်း တွေဟာ ၂၀၂၄ ခုနှစ်စက်တင်ဘာလ နောက်ပိုင်း အမြင့်ဆုံး အခြေအနေ ဖြစ်ပါတယ်။























































