အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံညှိနှိုင်းသည်ဟူသော လူမှုကွန်ရက်၌ ဝါဒဖြန့်မှုများမှာ သတင်းအမှားဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဖြေရှင်းတုံ့ပြန်ထားသည်။
Aung Naing Htwe အမည်ဖြင့်ဖေ့စ်ဘုတ်သုံးစွဲသူက “နစက နှင့် NUG တို့ချင်းမိုင်မှာ ညှိနှိုင်းကြပါတယ်ခင်ဗျာ” ဟု ဝါဒဖြန့်ရေးသားထားခြင်းအပေါ် ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က စစ်ကောင်စီနှင့်တွေ့ဆုံရန်အကြောင်း မရှိကြောင်း တုံ့ပြန်ထားသည်။
“လုံး၀သတင်းအမှားပါ။ ဦးရည်မွန်လည်း ချင်းမိုင်မှာမရှိသလို စစ်ကောင်စီနဲ့တွေ့ဖို့လည်းအကြောင်းမရှိပါ”ဟု ဦးရည်မွန်၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင် ရေးသားထားသည်။
Aung Naing Htwe အကောင့်က ၎င်း၏ ရေးသားမှုသည် ရာနှုန်းပြည့်မှန်ကန်ပြီး ဦးရည်မွန်ထံမှ ရရှိသည့် သတင်းဖြစ်ကြောင်း ဝါဒဖြန့်ထားသည်။

Public Service Announcement
Aung Naing Htwe အကောင့်သည် ဂိုလ်ရှယ်လေးဟု ဖေ့စ်ဘွတ်ခ်၌ လူသိများပြီး သတင်းအမှားများကို ထင်မြင်ချက်များဖြင့် ပုံမှားရိုက်နေသူဖြစ်ကြောင်းနှင့် စစ်ကောင်စီအလိုကျ ဝါဒဖြန့် နေသူဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်သုံးစွဲသူအချို့က မှတ်ချက်ပြုရေးသားသည်။
စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှ အမြစ်ပြတ်အောင် တော်လှန်နေသူအားလုံးက ‘သွေးကြွေးတွင် ဆွေးနွေးစရာ’ ဟူသောကြွေးကြော်သံဖြင့် အရေးတော်ပုံအောင်မြင်သည်အထိ ဆက်လက်ချီတက်နေကြသည်။


















































