■ ခမရ (၁၆)ကိုပါ ဗုံးဖြင့်တိုက်ခိုက်
စစ်ကိုင်းတိုင်း မုံရွာမြို့ ခမရ (၁၆) (ခြေမြန်တပ်ရင်း ၁၆)သို့ နှစ်သစ်ကူးညတွင် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အသေအပျောက်များနိုင်ကြောင်း Monywa Nightking & Monywa The Boys အဖွဲ့က ကြေညာသည်။
ခမရ (၁၆)အပြင် ယမန်နေ့က မုံရွာမြို့ပေါ်နယ်တစ်ဝိုက်နှင့် ချောင်းဦးမြို့နယ်တို့တွင် နေ့ရောညပါ စစ်ကောင်စီတပ်စခန်းချထားသောနေရာအနှံ့အပြား၌ ဒေသတွင်း PDFအသီးသီးက ခုခံတိုက်ခိုက်ခဲ့ကြပြီး သေဆုံးထိခိုက်မှုများရှိကြောင်း ဒေသခံများက ပြောသည်။
New Year Party ညီနောင်ပူးပေါင်းစစ်ဆင်ရေးအဖြစ် ယမန်နေ့ည ၁၀ နာရီခန့်က ချောင်းဦးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ခင်မွန်ဘက်စုံခြံထဲတွင် စစ်ကောင်စီတပ်သားများနှစ်သစ်ကူးညအဖြစ်သောက်စားပျော်ပါးနေစဥ် ရှော့ဒုံးဖြင့်ပစ်သွင်းရာ ခြံအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း၊ ခြံအတွင်းမှစစ်ကောင်စီတပ်များသည် ကြောက်လန့်၍ သေနတ်များပစ်ခတ်ခဲ့သော်လည်း ခြံပြင်မထွက်ရဲကြကြောင်း၊ ချောင်းဦး PDFနှင့် People’s Guerillas Commando-Myinmu ညီနောင်တပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

Public Service Announcement
ထိုအပြင် ဒီဇင်ဘာ ၃၁ ရက် မွန်းတည့် ၁၂နာရီဝန်းကျင်ကလည်း မုံရွာမြို့ပေါ် မြန်မာ့စီးပွားရေးဘဏ် လမ်းကြားတွင်လည်းကောင်း၊မွန်းလွှဲ၁၂နာရီ၁၅မိနစ်ခန့်တွင် မြို့တော်ခန်းမ ဘန်ကာကင်းတဲစခန်းကို လည်းကောင်း ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မုံရွာမြို့ ကျောက္ကာလမ်းပေါ်ရှိ မြဝတီရုံးရှေ့ မိုးကောင်းစစ်ဆေးရေးဂိတ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တဆက်တည်းမှာပင် ဆည်မြောင်းရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ မွန်းလွဲပိုင်းဖောက်ခွဲမှုများအား ရဲဘော်နာရွဲ့ဆွမ်မှဦးဆောင်၍ South Monywa-PDFနှင့်Monywa Heroes Groupအဖွဲ့တို့မှ ပြုလုပ်ခဲ့သည်ဟု ၎င်းတို့ကထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုများတွင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ဖမ်းဆီးခဲ့သောဗျူးဟာမှူးယာဥ်တန်း လည်း မိုင်းထိပြီး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ညနေ ၄ နာရီ ၄၅မိနစ် ဝန်းကျင်တွင် မုံရွာမြို့ တိုင်းရုံးနှင့် ဆည်မြောင်းရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ကာတိုက်ခိုက်ခဲ့ကြောင်း People’s Defence Force- South Monywa နှင့် Monywa Revolution Army-PDFတို့က အသိပေးသည်။ Monywa Heroes Group နှင့်ပူးပေါင်း၍ ညနေ ၅နာရီတွင် မုံရွာ ကညနရုံးအား လက်ပစ်ဗုံးပစ်ကာတိုက်ခိုက်ခဲ့ကြောင်း People’s Defence Force- South Monywaက ထပ်မံအသိပေးသည်။
အဆိုပါစစ်ဆင်ရေးများတွင် PDF၊LDF(ပြည်သူ့ကာကွယ်ရေးအဖွဲ့)များ ထိခိုက်ဒဏ်ရာရရှိမှုများလုံးဝမရှိကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ကျဆုံးမှုအခြေအနေများကို လုံခြုံရေးအရ စောင့်ကြည့်နိုင်ခြင်းမရှိသောကြောင့် မသိရှိရသေးကြောင်း ၎င်းအဖွဲ့များက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် မုံရွာမြို့တွင် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးနေ့ ညနေ၆နာရီကျော်လွန်ပါက လုံခြုံရေးအရ စစ်ကောင်စီတပ်ဖွဲ၏ စစ်ဆေးခြင်းကို ကြည်ဖြူစွာလက်ခံရန်၊ရပ် တန့်စစ်ဆေးခြင်းကို လက်မခံဘဲ ထွက်ပြေးပါက အသက်အန္တရာယ်အာမခံခြင်းမရှိကြောင်း ရေးသားထားသည့်စာရွက်များ ဖြန့်ဝေခဲ့သေးသည်။
ထိုသို့ခြိမ်းခြောက်ခဲ့ပြီးနောက် လူငယ်အချို့ရိုက်နှက်ဖမ်းဆီးပြီး အရေးတော်ပုံကျဆုံးရေးနှင့် သီချင်းများအတင်းအဓမ္မ သီဆိုခိုင်းကာ နှိပ်စက်ခဲ့သည်။


















































