အာဆီယံဘုံသဘောတူညီချက်တွေအပေါ် အကောင်အထည်ဖော်မှု တိုးတက်မှသာ အာဆီယံ အစည်းအဝေးတက်ဖို့စစ်ကောင်စီခေါင်းဆောင်ကို ဖိတ်ကြားခဲ့တာလို့ ဟွန်ဆန်က ဒီနေ့မှာ ပြောလိုက်ပါတယ်။
တိုးတက်မှုမရှိရင်တော့ စစ်ခေါင်းဆောင်အစား နိုင်ငံအရေးအရ ကိုယ်စားမပြုသူကိုသာ တက်ခွင့်ပြု မှာလို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဟွန်ဆန် ကပြောလိုက်တဲ့အကြောင်း ကမ္ဘောဒီးယားဘက်က သတင်းထုတ်ပြန်လာတာပါ။
အာဆီယံအစည်းအဝေးကို စစ်ကောင်စီကိုဖိတ်တဲ့အတွက် သဘောထားတင်းမာနေတဲ့ မလေးရှားဝန်ကြီးချုပ် နဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးမှုမှာ ဟွန်ဆန်က သူဖိတ်ကြားတဲ့အခြေအနေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။
ဟွန်ဆန်ဟာ ဇန်နဝါရီလ ပထမပတ်အတွင်းနေပြည်တော်ကိုလာရောက်ကာ စစ်ကောင်စီခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တာပါ။

Public Service Announcement
အဲဒီနောက် ဇန်နဝါရီလ တတိယ ပတ်အတွင်း ကမ္ဘေားဒီးယားမှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးကိုတက်ဖို့ စစ်ကောင်စီကို တပါတည်းဖိတ်ခဲ့ပါတယ်။
ဒီလိုဖိတ်ကြားချက်ကိုအာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က လက်မခံတာကြောင့် ဟွန်ဆန်ကမကထလုပ်မယ့် အစည်းအဝေးဟာ အထမမြောက်တော့ဘဲ ရက်အကန့်အသတ်မရှိ ရွှေ့လိုက်ရတာပါ။
အဲဒီနောက်မှာတော့ ဟွန်ဆန်ဟာ စစ်ကောင်စီအပေါ် သဘောထားတင်းမာတဲ့ အင်ဒိုနီးရှား ၊ မလေးရှား နဲ့စင်ကာပူခေါင်းဆောင်တွေထံ အွန်လိုင်းကနေ ခေါ်ဆိုတွေ့ဆုံကာ အခြေအနေကိုရှင်းပြတာတွေလုပ်လာတာပါ။
ဒီနေ့ စင်ကာပူဝန်ကြီးချုပ်နဲ့ အင်ဒိုနီးရှားသမ္မတတို့ တွေ့ဆုံမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်တာတိုးတက်မှုမရှိဘူးလို့ စင်ကာပူဝန်ကြီးချုပ်က ထည့်သွင်းပြောခဲ့ပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ချက် ဆိုတာကတော့ စစ်ခေါင်းဆောင်ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်းက ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးကို ဖြေရှင်းဖို့ သဘောတူချမှတ်ခဲ့တာပါ။
အဲဒီအချက်တွေမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ၊ မြန်မာပြည်သူတွေရဲ့အကျိုးအတွက် သက်ဆိုင်ရာအစုအဖွဲ့အားလုံး တွေ့ဆုံဆွေးနွေးကြဖို့ ၊ အာဆီယံအထူးကိုယ်စားလှယ်ခန့်ပြီးကြားဝင်ဖြေရှင်းဖို့ ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအာဆီယံကပေးဖို့ တွေပါဝင်ပါတယ်။
ဒီအချက်တွေအရ အဲဒီတုန်းက အာဆီယံ အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာ့အရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မပါတဲ့တွေ့ဆုံဆွေးနွေးမှုဟာ အဓိပ္ပါယ်ရှိမှာမဟုတ်တဲ့အကြောင်း ထုတ်ပြောထားပါတယ်။
ဒါကြောင့် ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်မပေးရင် စစ်ကောင်စီကိုအာဆီယံအစည်းအဝေးတွေမှာတက်ရောက်ခွင့်မပေးဖို့ အာဆီယံက သဘောတူထားခဲ့တာပဲဖြစ်ပါတယ်။
ကိုးကား − CNA


















































