Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ပြည်သူလူထုအနေနဲ့လည်း သူတို့လုပ်နိုင်တာလေးတွေကို PDF လေးကို ရေဗူးဝယ်တိုက်တယ်၊ ထမင်းကျွေးနိုင် တယ်။ မုန့်လေးတစ်ခုထုတ်ပေးနိုင်တယ်ဆိုတဲ့ လုပ်ဆောင်မှု၊ အသေးစိတ်လေးတွေကအစ ကြီးမားတာတွေအထိ ဝိုင်းဝန်းလုပ်ကြမယ်ဆိုရင်တော့ ဒီတော်လှန်ရေးက အောင်မြင်မှာဖြစ်တယ်”

မြန်မာပြည်သူလူထုဟာ စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရွံရှာမှုအပြည့်နဲ့ လုံး၀လက်မခံဘဲ ကြံ့ကြံ့ခံတော်လှန်နေခဲ့ပါတယ်။ နွေဦးတော်လှန်ရေး ၁ နှစ်တာအတွင်း ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာတွေ၊ အခု ၂၀၂၂ အတွင်း တော်လှန်ရေးခရီးနဲ့ ပြည်သူလူထုမြင်တွေ့လိုတဲ့ တော်လှန်ရေးအောင်ပွဲအခြေအနေ စတာတွေကို အမေရိကန်၊ Carleton College မှ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ ဒေါက်တာထွန်းမြင့်ကို People’s Spring လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာထွန်းမြင့်နှင့်​မေးမြန်းခန်း

မြန်မာနိုင်ငံကို ဘက်ပေါင်းစုံချွတ်ခြုံကျစေတဲ့ တရားမဝင် အာဏာသိမ်းမှုကို အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တာ ၁ နှစ်ရှိခဲ့ပါပြီ။ ၁ နှစ်အတွင်း မြန်မာပြည်သူလူထုဟာ ဆယ်စုနှစ် ၁ ခု ကျော်က စစ်အာဏာရှင်လက်ထက်ကအတိုင်း ဒုက္ခအဖုံဖုံကို တွေ့ကြုံခဲ့ရကာ လူပေါင်းများစွာ၊ ဘ၀ပေါင်းများစွာ သေကြေပျက်စီးမှု၊ တရားလက်လွတ်ဖမ်းဆီးခံရမှု၊ နှိပ်စက်ညှင်းပန်းခံရမှု စတဲ့ စစ်အုပ်စုရဲ့ ချိုးဖောက်ကျူးလွန်မှုတွေကို ရင်ဆိုင်ခံစားခဲ့ရပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်သူလူထုဟာ စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရွံရှာမှုအပြည့်နဲ့ လုံး၀လက်မခံဘဲ ကြံ့ကြံ့ခံတော်လှန်နေခဲ့ပါတယ်။ နွေဦးတော်လှန်ရေး ၁ နှစ်တာအတွင်း ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာတွေ၊ အခု ၂၀၂၂ အတွင်း တော်လှန်ရေးခရီးနဲ့ ပြည်သူလူထုမြင်တွေ့လိုတဲ့ တော်လှန်ရေးအောင်ပွဲအခြေအနေ စတာတွေကို အမေရိကန်၊ Carleton College မှ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ ဒေါက်တာထွန်းမြင့်ကို People’s Spring လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – အာဏာသိမ်းမှု ၁ နှစ်ပြည့်ခါနီးအထိ လေ့လာစောင့်ကြည့်သူတွေ၊ ကုလသမဂ္ဂကျွမ်းကျင်သူတွေက မအောင်မြင်တဲ့အာဏာသိမ်းမှု၊ အာဏာသိမ်းဖို့ ကြိုးပမ်းမှုလို့ပြောကြတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာ့အမြင်က ဘယ်လိုရှိလဲ။

ဖြေ – ယေဘုယျအားဖြင့် မှန်ပါတယ်။ မအောင်မြင်တဲ့အာဏာသိမ်းမှု၊ attemped coup ပေါ့။ ကြိုးစာကြည့်တဲ့ coup ပေါ့။ သို့သော်လည်းပဲ လက်တွေ့အနေအထားမှာ ၂၀၂၀ ရွေးကောက်ပွဲ ကိုလည်း သူတို့(စစ်တပ်)က လက်မခံဘူး။ နောက်ပြီး ပြည်သူကိုလည်း ရက်ရက်စက်စက်၊ ရိုင်းရိုင်းစိုင်းစိုင်းတုံ့ပြန်နေတာတွေ ကြည့်ခြင်းအားဖြင့် သူတို့ဘက်က လူမဆန်တဲ့နည်းနဲ့တော့ နိုင်, နိုင် သလောက်၊ လုပ်နိုင်သလောက် လုပ်ထားတဲ့ အဆင့်ရှိတာပေါ့။ လက်တွေ့ De facto အနေ အထားမှာတော့ ဒီမိုကရေစီအရ ရွေးကောက်ထားတဲ့ ပါလီမန်ကို မတက်နိုင်အောင် လုပ်ထားတာကို ချိန်ကြည့်မယ်ဆိုရင် ခရီးတစ်ခုကို သူတို့ ရောက်တဲ့ပုံစံမျိုးနဲ့ စဉ်းစားရင် စဉ်းစားမယ်။ သို့သော် CRPH တို့ ပေါ်လာတယ်။ Online, Zoom ပါလီမန်တွေ လုပ်နိုင်တယ်ဆိုတော့ သူတို့ဘက်က ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုအနေအထားကို သူတို့ နားမလည်လို့ ဆက်လက်ပြီးတော့ အောင်မြင်တယ်လို့ အိမ်မက်မက်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

မေး – မြန်မာနိုင်ငံအခြေအနေကရော ပြီးခဲ့တဲ့တစ်နှစ်အတွင်းကို ပြန်ကြည့်ရင် ဘယ်လိုရှုမြင်လဲ။ ဘယ်လိုဖြစ်သွားလဲ။

ဖြေ – လက်တွေ့ဆုတ်ယုတ်မှုက အင်မတန်ကြီးမားတယ်။ အသက်သေတာတွေ၊ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ဖျက်ဆီးမှုတွေ။ လက်တွေ့ဖြစ်နေတာတွေက အင်မတန်ကြီးမားတယ်။ နောက်ထပ်အရေးကြီးဆုံးဖြစ်မှုက တပ်မတော်သားတွေ ကိုယ်တိုင်ရော၊ တပ်မတော်သားတွေကို ထောက်တိုင်အဖြစ်နဲ့ အားပေးထောက်ခံနေတဲ့ လူတွေကိုယ်တိုင်ရော စဉ်းစားရမှာက ဒီ တပ်မတော်ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို ရှေ့ဆက်ပြီး တိုးတက်ဖို့လုပ်ရမယ့်အားလုံး၊ လုံခြုံရေးကိစ္စတွေအားလုံးကို တရုတ်နိုင်ငံရဲ့အချုပ်အခြာ လက်ထဲကို ရောက်အောင် ပို့ထားတဲ့အဆင့်ထိ ဖြစ်နေတယ်ဆိုတဲ့ အနေအထားတွေရှိနေတယ်။ အဲဒါက ကျွန်တော်တို့ data အချက်အလက်အရပြောခြင်းဖြစ်တယ်။ ချိန်ကြည့်မယ်ဆိုရင် စစ်အာဏာသိမ်းပြီးတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်းကို FDI (နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု)အနေအထားနဲ့ ဝင်ထားတဲ့ ငွေကိုက ၉ ဘီလီယံ၊ ၁၀ ဘီလီယံနီးပါးလောက်ရှိတယ်။ တရုတ်နိုင်ငံက ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးစီမံကိန်းကြီးတွေကို ကြည့်ရင် ၅၁၉ ခု ရှိတယ်။ ဒါက တရုတ်နာမည်နဲ့ရှိတဲ့နံပတ်ပဲရှိသေးတယ်။ စင်ကာပူနဲ့ ဟောင်ကောင် တရုတ်က ၁၀၀၀ ကျော် တယ်။ ဒါတွေကို ကြည့်ပြောရမယ်ဆိုရင်လည်းကောင်း၊ နောက် မင်းအောင်လှိုင်တပ်ချုပ်ဖြစ် ကတည်းက၊ ၂၀၁၁ ကတည်းက သူတို့တွေ လုပ်နေတဲ့ခြေလှမ်းဟာ ဥပမာ လက်ပံတောင်းမှာ ဝမ်ပေါင်ကုမ္ပဏီရဲ့လုံခြုံရေးကို ဦးစားပေးပြီး ပြည်သူကို သတ်ဖြတ်ခဲ့တာတွေကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ အရေးကြီးဆုံး၊ အစိုးရိမ်ရဆုံးက လုံခြုံရေးအရရော၊ စီးပွားရေးအရရောက တရုတ်လက်ထဲရောက်နေတယ်ဆိုတာ တပ်မတော်သားတွေ တချို့ သိလိမ့်မယ်။ တချို့လည်း သိချင်မှ သိမယ်။ သူတို့အနေနဲ့ ဆုံးဖြတ်ရမှာက ဒီတပ်မတော်ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိန်းချုပ်နေတာ ဟုတ်သေးရဲ့လားဆိုတာ စဉ်းစားရမှာ။ ဒါက အရေးအကြီးဆုံးအချက်။ နောက်တစ်ချက်က ကလေးတွေ အနာဂတ်။ နိုင်ငံတော်ရဲ့ အနာဂတ်ကို ဖျက်ဆီးထားတာတော့ ပြောလို့မကုန်ပါဘူး။

မေး – သမိုင်းကို ပြန်ကြည့်ရင် စစ်အုပ်စုက အာဏာသိမ်းတိုင်း၊ သိမ်းတိုင်း တိုင်းပြည်က ဆုတ်ယုတ်သွားတာပေါ့လေ။ လက်ရှိအာဏာသိမ်းမှုကရော ဘယ်လောက်ဆုတ်ယုတ်စေမလဲ။ စောစောက ဆရာပြောသလိုဆို တိုင်းပြည်ကို တရုတ်လက်ထဲ ထိုးအပ်နေတာလား။ တရုတ်ကို ရောင်းစား လိုက်တာလား။

ဖြေ – တိုင်းပြည်ကို ရောင်းစားတဲ့ ပုံစံပဲ။ သူတို့သားသမီး၊ ဆွေမျိုး၊ ခရိုနီတွေ၊ သူတို့ ထောက်ခံ သူတွေရဲ့ အကျိုးကျေးဇူးကို ကြည့်ပြီးတော့ တိုင်းပြည်မှာရှိတဲ့ သယံဇာတကို ရောင်းစားတဲ့ အပြင် တိုင်းပြည်ရဲ့အနာဂတ်ကိုပါ မီးရှို့ဖျက်ဆီးနေတယ်။ ပစ်သတ်နေတယ်။ ထောင်ချနေတယ်။ သေချာစဉ်းစားကြည့်မယ်ဆိုရင် လူငယ်တွေအားလုံးရဲ့ ခရီးလမ်းအားလုံးဟာ ဖျက်ဆီးခံနေရ တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်နေရတဲ့အချက်ပါ။

မေး – စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့တုံ့ပြန်မှုကရော ကျေနပ်စရာရှိပါလား။ မြန်မာပြည်သူတွေရဲ့ လိုလားချက်နဲ့ မကိုက်ညီဘူးလို့ ယူဆစရာရှိတာပေါ့။ နိုင်ငံတကာက ဘာတွေ ဆက်လုပ်သင့်လဲ။ ဘာတွေ ဆက်လုပ်နိုင်သေးလဲ။

ဖြေ – နိုင်ငံတကာအနေနဲ့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂရဲ့ အေဂျင်စီတွေအနေနဲ့ လုပ်နိုင်တာ တိတိကျကျရှိပါတယ်။ Global Arm Embargo လို့ခေါ်တဲ့ မြန်မာစစ်တပ်ကို လက် နက်ရောင်းနေတဲ့ တရုတ်၊ ရုရှား၊ ဘီလာရုစ်တို့ စတဲ့နိုင်ငံတွေကို ဆက်မရောင်းနိုင်အောင် လုပ်နိုင် တယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံမှာ အခု လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်နေတယ်။ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုတွေ အဲဒါတွေ အစုံပေါ့။ အဲဒါတွေကို ကြည့်ပြီးတော့ ဆက်လက်မကျူးလွန်နိုင်အောင် No Fly Zone လိုမျိုး၊ လူသားချင်းစာနာမှု အကူအညီတွေ။ အဲဒါတွေကို ပါးစပ်နဲ့ပြောနေ၊ စာနဲ့ထုတ်နေပေမယ့် လက်တွေ့ကျကျ မလုပ်တာ တွေ့ ရတယ်။ သို့သော် နိုင်ငံတစ်ခုချင်းအနေနဲ့ ဥပမာ အမေရိကန်ကို ကြည့်မလား၊ ဥရောပ နိုင်ငံ အချို့ကို ကြည့်မလား။ ဒီနိုင်ငံတွေအနေနဲ့ NUG နဲ့တွဲပြီး NUG ရဲ့လှုပ်ရှားမှုတွေ၊ NUG ခေါင်းဆောင်တွေရဲ့ ပြောဆိုနိုင်မှုအပေါ်မူတည်ပြီး ချိန်ဆလုပ်နေတာတွေ့ရတယ်။ အဲဒီတော့ နိုင်ငံတကာ လို့ ပြောရာမှာ နိုင်ငံတကာကို ခွဲခြားပြီးတော့ ပြောသင့်တယ်။ နောက်တစ်ခါ နိုင်ငံတကာရဲ့ လုပ်မှာကို မျှော်လင့်ရမှာ နည်းနည်းခွဲခြားမျှော်လင့်သင့်တယ်။ ချိန်ဆပြီး မျှော်လင့်သင့်တယ်။ သူတို့အနေနဲ့ လက်ရှိအနေအထားမျိုးမှာ စစ်တပ်ကြီးနဲ့လာပြီး ကုလသမဂ္ဂ စစ်တပ်ကြီးပဲဖြစ်ဖြစ် ၊ အမေရိကန်စစ်တပ် ကြီးပဲဖြစ်ဖြစ် လာမှာမဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ ချင့်ချိန်ရမှာက ဒီကိစ္စ ဟာ ပြည်တွင်း၊ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့လူတွေ ဆောင်ရွက်ရမှာ ၊ အပြတ်ရှင်းရမှာ။ အထူး သဖြင့် တပ်မတော်တွင်းမှာရှိတဲ့ စဉ်းစားနိုင်တဲ့ ဦးနှောက်ရှိတဲ့ လူတွေ ကိုယ်တိုင်က စဉ်းစားလုပ် ရမှာဖြစ်တယ်။ ခရိုနီတွေနဲ့ သူတို့မိသားစုတွေ၊ ပညာတတ်တွေအများကြီးတယ်။ အဲဒီလို လူတွေ အနေနဲ့ နိုင်ငံတကာကို ရောက်လည်းရောက်ဖူးတယ်။ ပညာလည်းတတ်တယ်ဆိုရင် သူတို့ စဉ်း စားရမှာက တပ်မတော်ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ မြန်မာပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ခြိမ်းခြောက်နေတဲ့ တပ်မတော်ဖြစ်တဲ့အတွက် ဆက်လက်ရှင်သန်သင့်လား၊ မသင့်လားဆိုတာ သူတို့ကိုယ်တိုင် စဉ်းစားရမှာဖြစ်တယ်။

မေး – နောက်တစ်ခုက အာဆီယံနဲ့ ကုလသမဂ္ဂက တွေ့ဆုံဆွေးနွေးရေးကို အဓိကထားတယ်။ ဒါကရောအလုပ်ဖြစ်နိုင်လား။ လက်တွေ့အခြေအနေအရ။

ဖြေ – နိုင်ငံရေးဆိုတာ နောက်ဆုံးစကားပြောရမှာဆိုတာ မှန်တယ်။ သို့သော် ဘယ်သူနဲ့ပြောရ မှာလဲ။ ဘယ်လိုအခြေအနေမှာပြောရမှာလဲဆိုတဲ့အပေါ် မူတည်တယ်။ အဲဒီတော့ ASEAN Centrality ကိုကြည့်မယ်ဆိုရင် သူတို့ရေးထားတဲ့ ၅ ချက်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးအ အတွက် ဘာမှ အသုံးကျတာမဟုတ်ပါဘူး။ အခု Gen-Z တွေ လုပ်နေတဲ့တော်လှန်ရေး၊ နောက် တိုင်းရင်းသားလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် ဘယ်နည်းနဲ့မှ လမ်းတင်မပေးနိုင် တဲ့ကိစ္စပါ။ ပြောရင်ရော အသုံးမကျပါဘူး။ သို့သော် နိုင်ငံတကာက စျေးကိုင်ထားတယ်။ ဘာကြောင့်စျေးကိုင်သလဲဆိုရင် တရုတ်နဲ့ စင်ကာပူ ပေါင်းရေးထားတဲ့ ၅ ချက်ပဲ။ ဘာကြောင့် ပေါင်းရေးထားသလဲဆိုရင် သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ သူတို့ ဆုံးရှုံးရမှာ တွေ ရှိတာကိုး။ နောက်တစ်ခုက အနာဂတ်မှာ သဘာ၀ သယံဇာတတွေ ဆက်လက်ရနိုင်ဖို့ရာ တပ်မတော်နဲ့ ပွင့်ပွင့်လင်းလင်းလုပ်လို့မရတဲ့လမ်းကို တရုတ်က ပိုကြိုက်တယ်။ ပွင့်ပွင့်လင်းလင်းလုပ်ရမယ်ဆိုရင် တရုတ်က သိပ်မကြိုက်ဘူး။ ရှင်းရှင်းပြောရရင် အချောင်ပါးဝါဒ။

မေး – တော်လှန်ရေး ၁ နှစ်တာအရွေ့ကိုရော ဆရာဘယ်လိုရှုမြင်လဲ။ ပြည်သူတွေ မြင်ချင်နေတဲ့ တော်လှန်ရေးအောင်ပွဲ လာမယ့် ၂၀၂၂ မှာ ဖြစ်နိုင်မလား။

ဖြေ – လက်ရှိအင်အားတွေကို ကြည့်ပြီး သုံးသပ်ရရင် အပြောင်းအလဲက မဖြစ်လို့ မရဘူး။ တစ်ခုခုတော့ ဖြစ်ကို ဖြစ်ရမယ်။ ဘယ်ဘက်ကနေ အပိုင်ယူပြီး အပြတ်ရှင်းမလဲဆိုတာ စောင့်ကြည့်ရ မယ်။ လက်ရှိ CDM တွေလုပ်ထားတယ်။ ပြည်သူလူထုက အခု Silent Strike လုပ်မယ်။ ပြည်သူ လုပ်နေတဲ့ သပိတ်ပေါင်းစုံ။ တချို့ စစ်သား၊ ရဲ ၁၀၀၀၀ လောက် CDM လုပ်ထားတာ။ နောက်ပြီး NUG က ဆက်လက်ပြီးတော့ နိုင်ငံတကာအရှိန်အဟုတ်မြှင့်တင်တာတွေ၊ EAO တွေနဲ့ အထူးသ ဖြင့် ရခိုင်နဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ တွဲပြီးတော့ အရှိန်တွေ ဘယ်လောက်မြှင့်မလဲဆိုတဲ့ အပေါ် မူတည်တယ်။ အားလုံးကို ခြုံကြည့်ရင် ဒီအားတွေ အကုန်လုံးက ပြေးနေတယ်။ ငြိမ်နေတာမဟုတ်ဘူး။ ဒီအားတွေ ကြည့်ပြီးပြောရရင် ပြည်သူလူထုအနေနဲ့ အောင်ပွဲရဖို့လမ်းက ပိုနီးတယ်။ အဲဒီလမ်းကို နောက်ဆုံးပိတ် နိဂုံးချုပ်နိုင်တာက စစ်တပ်ထဲမှာ ရှိတဲ့ စစ်သားတွေ၊ နောက်ပြီး ရဲတွေရော ၊ ခရိုနီတွေရောက သူတို့တွေရဲ့ ရှေ့ခရီးကို ဒီတပ်မတော်နဲ့ ဆက်သွားလို့ မရဘူး ဆိုတာကို မြင်အောင်ကြည့်နိုင်တယ်။ မြင်လည်းမြင်အောင်ကြည့်နိုင်တဲ့ ဒေတာအချက်အလက် ကလည်း အခု ၁၁ လလုံးဖြစ်ခဲ့တဲ့အနေအထားအပေါ်မူတည်ပြီးကြည့်သင့်တယ်။ အားလုံး ဆုံးဖြတ်ပြီး စစ်တပ်ကနေ ခွဲခွာတယ်ဆိုရင် တော်လှန်ရေးက မြန်မြန်အောင်မှာပဲ။ ပြည်သူလူထုအနေနဲ့လည်း သူတို့လုပ်နိုင်တာလေးတွေကို PDF လေးကို ရေဗူးဝယ်တိုက်တယ်၊ ထမင်းကျွေးနိုင် တယ်။ မုန့်လေးတစ်ခုထုတ်ပေးနိုင်တယ်ဆိုတဲ့ လုပ်ဆောင်မှု၊ အသေးစိတ်လေးတွေကအစ ကြီးမားတာတွေအထိ ဝိုင်းဝန်းလုပ်ကြမယ်ဆိုရင်တော့ ဒီတော်လှန်ရေးက အောင်မြင်မှာဖြစ်တယ်။ တစ်ခုခုတော့ ဖြစ်ကိုဖြစ်မှာဆိုတာ ကျိန်းသေတယ်။

မေး – အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ စတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ၂၀၂၂ အတွင်း ဘာတွေ ဆက် လုပ်သင့်လဲ။ ဘာအကြံပြုချင်ပါပဲ။

ဖြေ – အတိတ်သမိုင်းတွေရဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ဒီတော်လှန်ရေးက သာမာန် တော်လှန်ရေးမဟုတ်ဘူး။ ရှင်းရှင်းပြောရရင် ယဉ်ကျေးမှု၊ အတွေးအခေါ်၊ အသိပညာ ပြောင်းလဲရေးအတွက် လုပ်နေတဲ့တော်လှန်ရေးလို့ ခြုံပြီးတော့ ကြည့်ရမှာဖြစ်တယ်။ အနာဂတ်မှာ ဘယ်လမ်းကိုလျှောက်ချင်လဲဆိုတာ လုပ်နေတဲ့တော်လှန်ရေး။ လုပ်ထုံးလုပ်နည်း၊ နဂိုက စဉ်းစားပုံစဉ်းစားနည်း၊ အထူးသဖြင့် အသက်ကြီးပြီးတော့ ခေါက်ရိုးကျိုးနေသူတွေ ဦးဆောင်တဲ့ တော်လှန်ရေးဖြစ်တယ်ဆိုရင် သူတို့ နဂိုလိုင်းကို လိုက်ဖို့များတယ်။ အဲဒီတော့ အဲဒီလို လိုက်ဖို့များတဲ့သူတွေ များတယ်ဆိုရင် လျှော့ချရမယ်။ ပြီးတော့ NUG ရဲ့ အင်အားဟာ အရှိန်ကောင်းတယ်။ လုပ်နိုင်တဲ့သူတွေကို အားပေးပြီး မလုပ်နိုင်သူတွေကို သင့်တော်တဲ့နေရာပေးပြီး ပြုပြင်ပြောင်းလဲမှု လုပ် ရင်ပိုသင့်တော်ပါတယ်။

မေး – တော်လှန်ရေး ၁ နှစ်တာနဲ့ ပတ်သက်လို့ ပြည်သူလူထုကို ဘာများသတင်းစကားပါးလို ပါသေးလဲဗျ။

ဖြေ – မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရမယ်လို့ ပါဝင်လှုပ်ရှားနေသူအားလုံး ကျန်းမာရေးဂရုစိုက်ပြီးအသက်ရှင်အောင်နေကြပါ။ သူတို့မရှိရင် စစ်အာဏာရှင်ရဲ့ ရှေ့ခရီးလမ်းက ချောမွေ့လိမ့်မယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ အားလုံး ကိုယ်လုပ်နိုင်တဲ့နေရာက လုပ်ကြတယ်ဆိုရင် ဒီတော်လှန်ရေးက အောင်မြင်မှာပါ။ ပြည်သူတွေ မျှော်မှန်းထားတဲ့ လမ်းကို ရောက်မှာပါ။ အားတင်းထားကြပါ။ နောက်တစ်ခုက တပ်မတော်ထဲမှာ ရှိနေတဲ့ သူတွေကို အထူးပင်ပြောချင်ပါတယ်။ သူတို့ မိသား စုဝင်တွေ စဉ်းစားရမှာက အခု ဒီပုံစံအတိုင်း ရမ်းကားပြီး သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းကြီးနဲ့ ဆက်လက်ပြီး နေမယ်ဆိုရင် သူတို့ သား၊သမီးတွေရဲ့ ရှေ့ရေး၊ သူတို့တတွေရဲ့ အသက်ဆက်လက်ရှင်နေမယ့်အနာဂတ်အရေးအတွက် သိပ်ပြီးတော့လမ်းမဖြောင့်ဘူး၊ စိတ်ဆင်းရဲရမယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေရမှာမဟုတ်ဘူးဆိုတာ နားလည်တယ်ဆိုရင် အခု မင်းအောင်လှိုင်ရဲ့ စကစရဲ့ အကျိုးတွေကို ဆက်လက်မထမ်းဆောင်ကြတော့ဘဲ ပြည်သူလူထုရဲ့လုံခြုံရေး၊ နိုင်ငံတော်ရဲ့ရှေ့ ရေးကို စဉ်းစားပြီးတော့ စကစအတွက်လုပ်ဆောင်နေတာတွေကို ရပ်တန်းက ရပ်၊ ထွက်ကြပြီး တော့ ပြည်သူနဲ့ပေါင်းဖို့အချိန်တန်ပြီဆိုတာ ပြောချင်တယ်။ ဒီစစ်တပ်ဟာ ကမ္ဘာမှာ ရှိနေတဲ့ စစ် တပ်တွေနဲ့ နှိုင်းယှဉ်ရင် သိက္ခာရှိတဲ့ သူပုန်အဆင့် မရှိတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်နေ တယ်။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ