▪️လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အဘိုးအိုတစ်ဦးထပ်မံ သေဆုံး
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီက ကျေးရွာရှစ်ရွာကို မီးရှိူ့ဖျက်ဆီးခဲ့ပြီး ပြည်သူသုံးဦးပစ်သတ်ခံရကာ လက်နက်ကြီးကျည်ကျရောက် ထိမှန်မှုကြောင့် သက်ကြီးရွယ်အိုတစ်ဦးထပ်မံ သေဆုံးသွားကြောင်း Yesagyo Township Info Committeeက ထုတ်ပြန်သည်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ အကြမ်းဖက် စစ်ကောင်စီတပ်များ ဧပြီ၂ ရက် နံနက် ၈နာရီအချိန်က စတင်ကာ အင်အား ၁၅၀ဝန်းကျင်ဖြင့် စစ်ကြောင်းသုံး ကြောင်းခွဲကာ ဝင်ရောက်ခဲ့ပြီး လှေခုတ်၊ မီးလောင်ကျွန်း၊ မိဖုရားရွာ၊ ဧပြီ ၃ရက်တွင် ဖြုံဘူး၊ ဘိုကုန်း၊ တောင်ကုန်း၊ ခြောက်မူးကျွန်းရွာနှင့် ယနေ့(ဧပြီ ၄) နံနက်ပိုင်းတွင် ဘီးစပ်ကုန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခြင်းကြောင့် ဖြုံဘူးရွာတွင် နေအိမ် ၇၃လုံး၊ မိဖုရားရွာတွင် နေအိမ် နှစ်လုံး၊ မီးလောင်ကျွန်းရွာတွင် နေအိမ် ၁၅လုံး၊ လှေခုတ်ရွာတွင် နေအိမ် ခြောက်လုံး၊ ဘိုကုန်းရွာတွင် နေအိမ်သုံးလုံး၊ တောင်ကုန်းရွာတွင် တစ် လုံး စုစုပေါင်း နေအိမ် ၁၀၀ခန့်မီးလောင်ပျက်စီးခဲ့ပြီး ခြောက်မူးကျွန်းနှင့် ဘီးစပ်ကုန်းရွာတို့မှ နေအိမ်စာရင်း မရရှိသေးကြောင်း Yesagyo Township Info Committeeက အသိပေးထားသည်။

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီတပ်များ၏ အကြောင်းမဲ့ ရမ်းကားပစ်သတ်မှုကြောင့် ဧပြီ ၂ရကတွင် ခြံယာရွာမှ အသက် (၆၃)နှစ်အရွယ် ဒေါ်မြမွှေး ၊ မီးလောင်ကျွန်းရွာမှ မသန်စွမ်းတစ်ဦးဖြစ်သူ အသက်(၆၀)အရွယ် ဦးမြင့်၊ ဧပြီ ၃ ရက်တွင် ကျောက်ဖူးရွာမှ အသက်(၄၀)အရွယ် မစီတို့ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရကြောင်း၊ ယနေ့ ဧပြီ ၄ရက် နေ့လယ် ၁နာရီခွဲ ဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများ ရမ်းကားပစ်ခတ်မှုကြောင့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မဲကုန်းရွာမှ အသက်(၇၀)အရွယ် ဦးဉာဏ်ထွန်း သေဆုံးသွားကြောင်း ထပ်မံထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် ဧပြီ ၂ရက်ကတည်း က ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ကျေးရွာများကိုစခန်းချပြီး ယနေ့အထိ ရေလယ်ကျွန်းရှိ နေအိမ်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူများကို ဖမ်ဆီးခေါ်ဆောင်ခြင်း၊ လက်နက်ကြီးများ ရမ်းကားပစ်ခတ်နေခြင်းများ ပြုလုပ်လျက်ရှိရာ ရေလယ်ကျွန်းပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၂၂ ဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၁၅ဦးထက်မနည်း သေဆုံးထားသည်။


















































