စက်တင်ဘာ၂၄၊၂၀၂၆။ ဇော်ရမ်း/People’s Spring
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
စက်တင်ဘာ ၂၀ရက်က ဟုမ္မလင်းမြို့နယ် တနေရာမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။ SNA ဘက်မှာလည်း ထိခိုက်သေဆုံးမှုတွေရှိသလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်မှာလည်း ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံသတင်းမြစ်ကပြောပါတယ်။
” တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း လေယာဉ်တွေနဲ့ နေ့တိုင်းကင်းထောက်တယ်။ မနေ့ကတော့ ရွှေပြည်အေးမြို့ကို ဗုံးကြဲသွားပါတယ်။ ဗုံးကြဲတာက လူမထိဘူး။ ဒါပေမယ့် အဆောက်အအုံတွေပျက်စီးတယ်”လို့ အဆိုပါသတင်းမြစ်က ပြောပါတယ်။

Public Service Announcement
ရွှေပြည်အေးမြို့ကို ဟုမ္မလင်းလေဆိပ်ကနေတက်လာတဲ့ Gyrocopter ၂စီးနဲ့ ဗုံး ၄လုံးကြဲသွားတာလို့ သိရပါတယ်။ဟုမ္မလင်းမြို့နယ်မှာပါဝင်တဲ့ ရွှေပြည်အေးမြို့ကို ၂၀၂၃ နိုဝင်ဘာမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးထိန်းချုပ်ထားတာပါ။
ပြီးခဲ့တဲ့ဇွန်လကစတင်ပြီး စစ်တပ်က ချင်းတွင်းမြစ်ကြောင်းကိုအသုံးပြုပြီး ဟုမ္မလင်းမြို့အပါအဝင် အထက်ပိုင်းဒေသတွေကို လက်နက်ခဲယမ်း၊ရိက္ခာနဲ့တပ်ဖွဲ့ဝင် အင်အားတွေ ပို့ခဲ့ပါတယ်။
စစ်တပ်က ယခုရက်ပိုင်းမှာ စစ်ကိုင်းတိုင်းအတွင်းက အင်းတော်နဲ့ ကသာမြို့နယ်ကိုလည်း လေကြောင်းကနေ ဗုံးကြဲနေပါတယ်။
စက်တင်ဘာ ၂၃ရက်က အင်းတော်မြို့နဲ့ ကသာမြို့ကို Y12 လေယာဉ်နဲ့ဗုံးကြဲတာမှာ အရပ်သား ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့သလို သီလရှင် ၁ပါးလည်း ကွယ်လွန်ခဲ့ပါတယ်။
ဟုမ္မလင်းနဲ့ရွှေပြည်အေးမြို့နယ်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလာနိုင်တဲ့အတွက် လုံခြုံရေးသသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးနေကြပါတယ်။
ဟုမ္မလင်းမြို့နယ်နဲ့ဆက်စပ်နေတဲ့ တမူးမြို့နယ်မှာလည်း တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံရေးသတိပြုဖို့တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က စက်တင်ဘာ ၁၇ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။



















































