စက်တင်ဘာ-၂၄၊၂၀၂၆။ဇေအောင်/People’s Spring
ကလေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် ၈၀ ခန့်ဟာ အရေးပေါ် ဆေးရုံတက်ကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ကလေးအကျဉ်းထောင်မှာ အရေးပေါ် ပြင်ပဆေးရုံတက် ကုသဖို့လိုအပ်နေတဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် အကျဉ်းသား ၈၀ နီးပါး ရှိနေပေမဲ့ ထောင်အာဏာပိုင်တွေရဲ့ ခွဲခြားဆက်ဆံမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် ဆေးကုသခွင့် မရဘဲ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကစက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်၂၂ ရက်တုန်းကလည်း ကလေးမြို့၊ ဆေးရုံကြီးက ပါရဂူအထူးကု ဆရာဝန်တွေ ထောင်အတွင်းလာစစ်စဉ် အရေးပေါ် ဆေးရုံတက်ရမယ်လို့ အတည်ပြုထားတဲ့အထဲမှာ အကျဥ်းသား ၈ဝဦးအနက် နိုင်ငံရေးအကျဉ်းသား ၅၀ အထိ ပါဝင်ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိအချိန်ထိ ၉ ဦးပဲ ပြင်ပဆေးရုံ တက်ခွင့်ရခဲ့ပြီး အဲဒီအထဲမှာ နိုင်ကျဉ်း ၄ဦးပဲ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
“ဒီလူတွေက ကျန်းမာရေးစောင့်ရှောက်ဖို့ ကုသခွင့်တွေ မရဘူးဆိုရင် အသက်တွေ မကျဆုံးသင့်ဘဲနဲ့ ကျဆုံးရတာတွေ ဖြစ်လာနိုင်တယ်။ နောက်ပြီး အခြေခံဆေးဝါးတွေကို မရရှိတာမျိုးတွေရှိတယ်။ ရောဂါဖြစ်ပြီဆိုကတည်းက ကိုက်ခဲတာ၊ နာကျင်တာ၊ ထုံတာကျင်တာ ဒီလိုအသေးအမွှား ရောဂါလေးတွေတောင်မှ စောင့်ရှောက်မှုမပေးနိုင်ဘူးဆိုရင် ဒါတွေကလည်း ရေရှည်မှာ ကျန်းမာရေးထိခိုက်နိုင်တယ်။ဒါတွေက အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အခြေအနေမျိုးတွေမှာ ရှိပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
ထောင်တွင်းမှာ နှလုံးရောဂါ၊ သွေးအန်တာ၊ သွေးတိုးနဲ့ ဆီးချိုစတဲ့ နာတာရှည် ရောဂါသည်တွေ အများအပြား ရှိနေပေမဲ့ ထောင်အာဏာပိုင်တွေဘက်က အကျဉ်းသား ၁,၀၀၀ အတွက် တစ်လကို ဆေးဖိုး ကျပ် ၁၀ သိန်း (တစ်ဦးကို ကျပ် ၁,၀၀၀ နှုန်း) ပဲ ဘတ်ဂျက် ခွဲဝေပေးထားပါတယ်။ ဒါကြောင့် ပါရာစီတမောနဲ့ စီဗစ်လို အခြေခံဆေးတွေကလွဲရင် လုံလောက်မှု မရှိတဲ့အပြင် အသက်အန္တရာယ်ရှိတဲ့ လူနာတွေအတွက် အဓိကလိုအပ်တဲ့ အရေးပေါ် အောက်ဆီဂျင်နဲ့ ကုသရေး အထောက်အကူပြု ပစ္စည်းတွေ လုံးဝ မရှိဘူးလို့ PPNMက ဆိုပါတယ်။
နယ်ဝေးက လာရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ဆိုရင်မိသားစုနဲ့ အဆက်အသွယ် ပြတ်နေလို့ ဆေးဝါးနဲ့ စားသောက်စရိတ် ပိုခက်ခဲနေကြောင်း၊ အဆိုးရွားဆုံးမှာ ထောင်အတွင်း နှလုံးရောဂါဖောက်ပြန်တဲ့ အခြေအနေဆိုးရွားတဲ့ လူနာတွေ ကြုံတွေ့ရပါကလည်း အသက်ရှူကိရိယာနဲ့ ကုသရေး အထောက်အကူပြု ပစ္စည်းတွေ မပါဘဲ ၁၃ မိုင်ခန့် ဝေးတဲ့ ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရာမှာ အောက်ဆီဂျင်ဗူးနဲ့ ပိုက်မျှသာ ပါလို့ လမ်းမှာတင် သေဆုံးရတဲ့ ဖြစ်စဥ်တွေ ရှိနေကြောင်း၊ မကြာမီကပဲ အသက် ၂၅ နှစ်မှ ၃၀ နှစ်ကြား ရာဇဝတ်အကျဉ်းသား တစ်ဦးမှာ အောက်ဆီဂျင်ပြတ်တောက်ကာပြင်ပဆေးရုံသို့အရောက်မှာအသက်ရှူကျပ်ပြီးသေဆုံးခဲ့ရကြောင်း PPNM က ဆိုပါတယ်။
PPNM ကတော့ ကလေးထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကို လစ်လျူရှု၊ လာဘ်ငွေတောင်းခံပြီး ဆေးကုသခွင့် ငြင်းပယ်နေတာဟာ ကျူးလွန်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့ အခွင့်အာဏာအလွဲသုံးစားလုပ်နေတဲ့စစ်အုပ်စု၊အကျဉ်းဦးစီးဌာနနဲ့ ထောင်အာဏာပိုင်တွေကို ပြန်လည်တာဝန်ယူခိုင်းရေးဆက်လက် ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
ဆေးရုံတက်ခွင့်ရဖို့ ထောင်ဝန်ထမ်းတွေကစပြီး ထောင်အာဏာပိုင်တွေ ဖြစ်တဲ့ထောင်ပိုင် (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒု-ထောင်ပိုင်၊ ထောင်ဆေးရုံအုပ်၊ သက်ဆိုင်ရာ အဆောင်ကိုအုပ်ချုပ်သူတွေအထိ အဆင့်ဆင့်ကို ငွေကျပ် ၁၀ သိန်းကနေ ၁၅ သိန်းအထိ လာဘ်ငွေ ပေးဆောင်နေရကြောင်း PPNM က ပြောပါတယ်။
ဒါကြောင့် အထက်အာဏာပိုင်တွေ ခွင့်ပြုမှ ပြင်ပဆေးရုံ တက်ခွင့်ရတဲ့ လုပ်ထုံးလုပ်နည်းကို အလွဲသုံးစားလုပ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉(က) နဲ့ ထောင်ကျနေတဲ့ စီးပွားရေးသမားတွေနဲ့ ရာဇဝတ်အကျဉ်းသားအချို့ဟာ ဘာရောဂါမှ မရှိဘဲ ထောင်အာဏာပိုင်တွေကို လာဘ်ငွေပေးပြီး ဆေးရုံမှာ သွားနေထိုင်ခွင့် ရနေကြောင်း၊ ငွေမတတ်နိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ ရောဂါ မသက်သာသေးဘဲ ထောင်ထဲ ပြန်ခေါ်တာ ခံရသလို၊ ဆေးကုသခွင့် လုံးဝမရဘဲ ၁ နှစ်ကနေ ၂ နှစ်အထိ စောင့်နေကြရကြောင်း PPNMက အသိပေးပါတယ်။
ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကို လျစ်လျူရှု၊ လာဘ်ငွေတောင်းပြီး ဆေးကုသခွင့် ငြင်းပယ်နေတာဟာ ကျူးလွန်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ ဒီလို အခွင့်အာဏာ အလွဲသုံးစားလုပ်နေတဲ့ စစ်အုပ်စု၊ အကျဉ်းဦးစီးဌာနနဲ့ သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေဟာ တိုက်ရိုက်ကျူးလွန်သူတွေဖြစ်ပြီး၊ ဒီကျူးလွန်မှုတွေအတွက် ပြန်လည်တာဝန်ယူခိုင်းဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းမှု ၅ နှစ်အတွင်း ထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံတဝန်းက အကျဥ်းထောင်တွေထဲက နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဇူလိုင်လအတွင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။



















































