စက်တင်ဘာ၂၄၊၂၀၂၆။ကတ်သရင်း/People’s Spring
ရှေးဟောင်းမြို့တော် ပုဂံမြို့တဖက်ကမ်းက မကွေးတိုင်း၊ပခုက္ကူခရိုင်က မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၇ဦးခန့် ဒဏ်ရာရရာကာ နေအိမ်ပျက်စီးမှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်က အသေခံဒရုန်းတွေနဲ့ စတင်ကာ နေအိမ်အဆောက်အဦး ၁ခုကို စစ်တပ်က တိုက်ခိုက်လာပြီးနောက် Gyrocopter ၊Mi-35၊ဂျက်ဖိုက်တာတွေနဲ့ ဆက်တိုက်လေကြောင်းတိုက်ခိုက်မှု တွေပြုလုပ်နေတာလို့ သိရပါတယ်။
” ၁၅ရက်၊၁၆ ရက် တွေတိုက်ခိုက်မှုမှာ ပြည်သူတစ်ဦးက ပြင်းပြင်းထန်ထန် ခြေထောက်ကို ဒဏ်ရာရတယ်။အသေးစားဒဏ်ရာရတဲ့သူ ၅ဦး လောက်ရှိမယ်။မနေ့ညက တိုက်ခိုက်မှုမှာလည်း ၁ဦးဒဏ်ရာရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်က နေ့စဉ်နီးပါးဗုံးကြဲ နေပြီး ည ၁နာရီအချိန်တွေမှာလည်း ဂျက်ဖိုက်တာတွေနဲ့ ဆက်တိုက်ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၂ ရက် မနေ့ညပိုင်းမှာလည်း စစ်တပ် ဗုံးကြဲမှုကြောင့် နေအိမ် ၃လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
” တစ်မြို့လုံးကုန်ပြီ နေအိမ် ၃အိမ်ပဲ ကျန်နေတာ။ အဲဒီ ၃အိမ်ကို ဗုံးလာကြဲသွားတာ”လို့ မြစ်ခြေမြို့ခံ တစ်ဦးက ပြောပါတယ်။
အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ပြည်သူ ၉၀ရာခိုင်နှုန်းလောက် မြို့အပြင်ထွက် တိမ်းရှောင်မှုတွေပြုလုပ် နေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
“အခုထိ ဗုံးခိုကျင်းထဲ ဝင်လိုက်ထွက်လိုက်ပါပဲ။ည၁နာရီ တွေပါလာကြဲတာ ။ဒီကောင်တွေတော်တော်မိုက်ရိုင်းတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မေလ ၁၁ရက်ကစတင်ကာ မြစ်ခြေမြို့ကို စစ်တပ် ဝင်ရောက်ပြီး အမျိုးသမီးတွေအပါအဝင် ပြည်သူ ၄၀ခန့်ကို မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအချိန်ကတည်းက ဒေသခံတွေတိမ်းရှောင်နေခဲ့ရပြီး မေလ ၃၁ ရက်မှာ စစ်ကြောင်းပြန်ထွက်ကာ နယ်မြေရှင်းလင်းပြီးတဲ့နောက်တော်လှန် ရေးတပ်တွေက ဇွန်လ၃ရက်မှာ ကျေးရွာအတွင်း ပြည်သူတွေကို ပြန်ဝင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဇွန်လ၁၀ ရက်မှာ မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီးနောက်စစ်တပ်က လေကြောင်းက နေဗုံးကြဲခဲ့သလို စစ်ကြောင်းတွေ မြို့ထဲပြန်ဝင်ရောက် တပ်စွဲထားတာမို့ ဒေသခံတွေဒီကနေ့အထိထပ်မံရှောင်တိမ်း နေရတာလို့ သိရပါတယ်။



















































