စက်တင်ဘာ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာ ၂၃ရက်မှာ စစ်တပ်က ကင်းထောက်လေယာဉ်နဲ့ ၂ကြိမ်တိုင် လိုင်ဇာအပါအဝင် နယ်စပ်တကြော ဒေသကို ကင်းထောက်ခဲ့ပြီးနောက် ဒီကနေ့ ထပ်မံပြုလုပ်လာတာပါ။
“ကင်းထောက်လေယာဉ်တစီး ၁နာရီလောက်မှာ ဖြတ်ပျံသွားတဲ့ဟာပဲရှိပါတယ်။ သေနတ်သံတော့ ထွက်ပါတယ်။ အဲဒါ ပြည်သူတွေ အဲဒါကို အထင်မှားကြတာပါ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
အဲဒီလို ပစ်ခတ်သံကြောင့် လိုင်ဇာဒေသမှာ လေကြောင်း တိုက်ခိုက်ခံရတယ်လို့ ရေးသားပြောဆိုမှုတွေရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်ခတ်သံဟာ တရုတ်ဘက်က သတိပေး ပစ်ခတ်တဲ့ အခြေအနေလို့လည်း ပြောပြပါတယ်။
စက်တင်ဘာ ၂၃ရက် မနေ့ကလည်း စစ်တပ် လေယာဉ်တွေ နယ်စပ်တကြော ကင်းထောက်စဉ် တရုတ်ဘက်က လေယာဉ်ပျံတက်ခဲ့သေးတယ်လို့ သတင်းရင်းမြစ်က ပြောပြပါတယ်။
အရင်ကလည်း စစ်တပ်လေယာဉ်တွေ နယ်စပ်ကိုလာတာ၊ လေကြောင်း တိုက်ခိုက်တာတွေ လုပ်ရင် တရုတ်ဘက်က သတိပေး ပစ်ခတ်တာ ဒါမှမဟုတ် တရုတ်ဘက်ခြမ်းမှာ လေယာဉ်ပျံသန်းတာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ လိုင်ဇာအပါအဝင် KIO/KIA ထိန်းချုပ်နယ်မြေတွေကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာနိုင်ကြောင်း သုံးသပ်မှုတွေရှိပါတယ်။
ကချင်စစ်ရေးသတင်းရင်းမြစ်ကတော့ ” သတိနဲ့ နားစွင့်နေတယ်”လို့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်လာနိုင်မှုအပေါ် ပြောပြပါတယ်။
ဒါ့အပြင် KIO/KIA ဗဟို အုပ်ချုပ်ရေးရုံးကလည်း စစ်တပ်လေကြောင်းရန် အထူးသတိပေးချက်ကို စက်တင်ဘာ ၂၂ရက်မှာ စာထုတ်ပြန်ခဲ့ပြီး လူစုလူဝေး မလုပ်ဖို့၊ မလိုအပ်ဘဲ ခရီးသွားလာတာ မလုပ်ဖို့၊ နေအိမ်တိုင်း ကတုတ်ကျင်းတူးထားဖို့နဲ့ လေကြောင်းရန် သတင်းကို အချင်းချင်း အသိပေးဖို့ စတဲ့ အချက်တွေ ဖော်ပြထားပါတယ်။
စစ်တပ်ဟာ ဩဂုတ်နဲ့ စက်တင်ဘာအတွင်း ကချင်ပြည်နယ် တိုက်ပွဲတွေ မှာ အထိနာခဲ့တာကြောင့် ပြန်လည်တိုက်ခိုက်လိုတဲ့ ဆန္ဒရှိနေတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အထူးသဖြင့် ကချင်ကို စစ်အင်အားဖြည့်ဖို့ ရေကြောင်းက သင်္ဘောတွေ လာရောက်စဉ် KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘောအစီး ၂၀လောက်ထိခိုက်ပျက်စီးနစ်မြုပ် မီးလောင်ခဲ့တဲ့အပေါ် စစ်တပ်ဟာ လက်တုံ့ပြန်လိုတာလို့ သတင်းရင်းမြစ်တွေက ပြောပြပါတယ်။
စစ်တပ်ဟာ ဒေသအသီးသီးမှာ စစ်ရေးအရ အထိနာတိုင်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။



















































