ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် KNDFက အရေးပေါ် ထုတ်ပြန်လိုက်သည်။
လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်အရ မိဘပြည်သူလူထုများထံ အသိပေးထုတ်ပြန်ချက်ဟုဆိုကာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်တပ်ရင်း(၄)- Karenni Nationalies DefenceForce (KNDFB-04) က ယနေ့(ဧပြီ ၁၀ရက်) ထုတ်ပြန်သည်။
မြို့ခံများနှင့် ပြည်သူများ အသက်အန္တရာယ်မရှိစေရေးအတွက် ယင်းကဲ့သို့ အရေးပေါ်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း KNDF ရဲဘော်တစ်ဦးက ပြောသည်။ သတိပေးချက်ကို လိုက်နာရန်လည်း KNDFက မေတ္တာရပ်ခံထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကရင်နီပြည်နယ်အတွင်းသို့ မတ်လကုန်တွင် အင်အားတိုးချခဲ့ပြီး ဧပြီလဆန်းတွင် စစ်ကြောင်းစတင်ထိုးခဲ့သည်။

Public Service Announcement
ဧပြီပထမလပတ်အတွင်း ဒေသတွင်းအခြေအနေကို KNDFက ထုတ်ပြန်ထားရာ အကြမ်းဖက်စစ်ကောင်စီတပ်သည် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်များရှိ ကျေးရွာများသို့ တာဝေးပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အရပ်သားပြည်သူနှစ်ဦးသေဆုံးကာ ခုနှစ်ဦးထိခိုက် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ နေအိမ် ၃၅လုံးကို စစ်ကောင်စီက မီးရှို့ဖျက်စီးပြီး နေအိမ်ကိုးလုံးလည်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို KNDF အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်နေပြီး ဒေသတွင်း စစ်ရေးဆက်လက်တင်းမာနိုင်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေး ထားသည်။
တိုက်ပွဲများနေစဥ်ဖြစ်နေ၍ လက်နက်ခဲယမ်းလိုအပ်ချက်လည်း ကြီးမားနေကြောင်း KNDFက ပြောပြီး ပါဝင်အားဖြည့်လိုပါကKNDF သတင်းနှင့်ပြန်ကြားရေးဌာနဖုန်းနံပတ် ၀၉-၇၉၈၀၇၇၁၇၀၊
၀၉-၄၉၅၇၂၉၃၁၊ ၀၉-၄၂၅၅၁၇၅၉၄သို့ ဆက်သွယ်နိူင်ပါသည်။

















































