စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကြောင်းထိုးပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများနိုင်ကြောင်း မြင်းမူအခြေစိုက် Knight Commanders PDF (MMU) အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဧပြီလ(၁၁)ရက် ညနေ ၆ နာရီ မိနစ် ၄၀ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာ နှင့် မြင်းမူမြို့ကြားတွင် စံတင်ကင်း ကျေးရွာမှ စစ်ကြောင်းထိုးပြန်လာသော လက်နက်အပြည့်အစုံနှင့် အရပ်ဝတ် အကြမ်းဖက်စစ်ကောင်စီ တပ်သား (၉)ယောက်ခန့် စီးလာသော စစ်ကားတစ်စီးအားမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Knight Commanders PDF (MMU) အဖွဲ့က သတင်းထုတ်ပြန်သည်။
“ဖြစ်တာက မုံရွာ-မန္တလေးလမ်းမကြီးပေါ်ဖြစ်တာပါ။ စကစတွေက စံတင်ကင်းကျေးရွာကို အကြမ်းဖက်ဓားပြတိုက်ပြီးပြန်လာတာပါ။”ဟု Knight Commanders အဖွဲ့ သတင်းတာဝန်ခံက People’s Spring သို့ပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် မြေပြင်ရဲဘော်များ၏ မျက်မြင်သတင်းပေးပို့မူများအရ အကြမ်းဖက် စကစ တပ်သားများ အထိအခိုက်အကျအဆုံးများနိုင်ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Knight Commanders PDF(MMU)သည်ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြင့် ပြုလုပ်နေပြီဖြစ်ပြီး ပြည်သူများ အထိအခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျက်ရှိကာ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုများကို သတိကြီးကြီးထား၍ ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် လည်း အသိပေးသည်။
မတ်လ (၂၄)ရက်နေ့ကလည်းမြင်းမူမြို့နယ်စာသင်ကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃) ဦးကို ညကင်းပတ်ချိန် ၇နာရီကျော်တွင်Knight Commanders PDF (MMU) ၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁)၊ အရန်တပ်ခွဲ(၁) ၊မြောင်မြို့နယ် တော်လှန်ရေးတပ် -Myaung Revolution Army (MRA) နှင့် Zarmani Revolution Force (MMU) ပြောက်ကျားတပ်ဖွဲ့ ညီနောင်တော်လှန်ရေး အင်အားစု (၄) ဖွဲ့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား (၂) ဦး သေဆုံးပြီး (၈)ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။


















































