မကွေးတိုင်း ပေါက်မြို့နယ် သက္ကယ်ကျင်းကျေးရွာ အပါအဝင် ကျေးရွာ လေးရွာထက်မနည်းကို အကြမ်းဖက် စစ်ကောင်စီတပ်က ယနေ့နံနက်တွင် မီးရှို့ခဲ့ရာ သက္ကယ်ကျင်းရွာ၌ အိမ်ခြေ ၅၀ကျော်မီးလောင်ခဲ့သည်ဟု သက္ကယ်ကျင်း- သတင်းစုံက ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။


မီးလောင်ပြီးအခြေအနေကို ဖော်ပြရာ ရွာလယ် ပိုင်းနှင့် ရွာအရှေ့ဘက်ခြမ်း၊ မြောက်ဘက်ခြမ်း ရှိ နေအိမ်များ မီးလောင်ခံခဲ့ရသည်ဟု ဆိုသည်။

“ ကျန်တဲ့နေရာများ မီးမကူးခင်ပါ ။ အရှေ့ဘက်ခြမ်းမှာလည်း မီးမလောင်ခဲ့တဲ့ အိမ်အချို့ကျန်ခဲ့ပါတယ်။ စုစုပေါင်း အိမ်ခြေ (ခန့်မှန်းချက်အရ) ငါးဆယ်ကျော် ခြောက်ဆယ် နီးပါးလောက် မီးလောင်ခံရပါတယ် ။ နောက်ထပ် စစ်ကြောင်းရှိလာနိုင်သေးတယ်ကြားလို့မီးငြိမ်းသတ်မှု အပြီးမသတ်နိုင်ခဲ့ဘဲ ထွက်ခွာခဲ့ရပါတယ်”ဟု သက္ကယ်ကျင်း – သတင်းစုံက ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် ပေါက်မြို့နယ် လက်ပံလှ ၊ သက္ကယ်ကျင်း၊ ကိုင်းမနှင့် တစူးရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု Pauk Alliance Group က ထုတ်ပြန်ထားသည်။စစ်ကောင်စီတပ်သည် ဧပြီ ၇ရက်မှစ၍ ပေါက်မြို့နယ်နှင့် ဆက်စပ်ဒေသ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိရာ ကျေးရွာပေါင်း ၁၅ရွာထက်မနည်း မီးလောင်ပျက်စီးမှု ဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement


















































