စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယမန်နေ့ သင်္ကြန်အကြိုနေ့ညပိုင်းက စစ်ကောင်စီ တပ်များ စစ်ဆေးနေသော မြို့ပေါ် ငါးနေရာအား မြို့ပြပြောက်ကျားအဖွဲ့ သုံးဖွဲ့က လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Unity Force Monywa အဖွဲ့က ပြောသည်။
မုံရွာမြို့တွင် ယမန်နေ့ (ဧပြီလ ၁၃ ရက်)ညနေ ၆နာရီခွဲမှ ၉နာရီခွဲအချိန်အတွင်း
စစ်ကောင်စီတပ်များ စစ်ဆေးနေသော နေရာများဖြစ်သည့် မြဝတီရပ်ကွက်ရုံး၊ ဆည်မြောင်းရုံး လမ်းဆုံ၊ ပေ (၈၀)လမ်းထိပ်၊မေတ္တာလမ်းထိပ်နှင့် ဘုရင့်နောင်လမ်းထိပ် အစရှိသည့်နေရာများကို လက်ပစ်မိုင်းများအသုံးပြုကာ ညီနောက်မဟာမိတ်အဖွဲ့များက ပြောက်ကျားစနစ်ဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း Unity Force Monywa အဖွဲ့သတင်းတာဝန်ခံက ပြောသည်။
မြ၀တီရပ်ကွက်ရုံးအား လက်ပစ်မိုင်းများဖြင့် ဖောက်ခွဲခဲ့ရာတွင် စစ်ကောင်စီဘက်မှ စနိုက်ပါဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကာ စစ်ကောင်စီဘက်မှ ကနဦးသတင်းအရ တစ်ဦးသေဆုံးကြောင်းသိရပြီး အရေအတွက် အတိအကျ မသိရှိရသေးကြောင်း Unity Force Monywa အဖွဲ့ သတင်းတာဝန်ခံက ပြောသည်။

အဆိုပါ ခုခံတိုက်ခိုက်မှုများအား Unity Force Monywa၊ Brother Defnse Force နှင့် Monywa Death Killer Group မဟာမိတ်ညီနောင် တိုက်ခိုက်ရေးအဖွဲ့များမှ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

Public Service Announcement
ယမန်နေ့ည ၉နာရီခွဲခန့်က မုံရွာမြို့ ဆည်းမြောင်းရုံးအနီးတွင် အကြမ်းဖက်စစ်ကောင်စီမှ သေနတ်များ ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် မြို့ပြပြောက်ကျားအဖွဲ့ များသည် စစ်ကောင်စီ၏ အတုအယောင်သင်္ကြန်အား ပါဝင်ဆင်နွှဲခြင်းမပြုရန် တားမြစ်ထားပြီး ယမန်နေ့နေ့ခင်းပိုင်းကလည်း ပစ်ခတ်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ရာ ရဲတစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်မိသူအချို့လည်းရှိခဲ့သည်။


















































