စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ အမှတ် ၂၈ ရဲတပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက ပြည်သူများအား ခြိမ်းခြောက်၊စစ်ဆေး၊ငွေတောင်းနေချိန် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Regional Friend Fighter(RFF) အဖွဲ့က သတင်းထုတ်ပြန်သည်။
အမှတ် ၂၈ ရဲတပ်ရင်းမှထွက်၍ လမ်းသွားလမ်းလာပြည်သူများကိုတားဆီး၍ စစ်ဆေးခြင်း၊ ငွေတောင်းခံခြင်းများ ပြုလုပ်နေစဥ် အကြမ်းဖက်အဖွဲ့ဝင် ရဲများအား Regional Friend Fighter(RFF)၊ မိုးသောက်ကြယ်အဖွဲ့နှင့် Chindwin Peacock အဖွဲ့တို့ပူးပေါင်း၍ ရဲတပ်ရင်း၏ အရှေ့မြောက်ဘက် တပ်ရင်းအုတ်တံတိုင်းဘေးတွင် လေးလက်မ ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲခဲ့သည်။ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်ရဲများ သေဆုံးထိ့ခိုက်မှုရှိနိုင်သော်လည်းလုံခြုံရေးအခြေအနေအရ အတည်မပြုနိုင်ကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း၊နောင်တွင်လည်း ပြည်သူများအား စစ်ဆေးခြင်း၊ ငွေတောင်းခံခြင်းများရှိပါက ဆက်လက်ဆုံးမသွားမည်ဟု Regional Friend Fighter(RFF) အဖွဲ့က သတိပေးသည်။
“ပုသိမ်-မုံရွာ လမ်းပိုင်း တပ်ရင်း၂၈၊ အုတ်တံတိုင်းဘေး တိုက်ခိုက်မှုလုပ်ထားပါတယ်။ အခြေအနေအသေးစိတ်ကို ထပ်ပြောပေးပါမယ်။”ဟု Regional Friend Fighter(RFF) အဖွဲ့က တာဝန်ရှိသူက People’s Spring သို့ပြောသည်။
ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ ရှေ့တွင် ရဲသား၂၀ခန့်ဖြင့် ခရီးသွားပြည်သူများအား တားဆီး၍ အကြမ်းဖက်စစ်ဆေးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ထိုရဲတပ်ရင်း ၂၈ သည် ဇန်နဝါရီလမှ မတ်လအထိ မကြာခဏတိုက်ခိုက်ခံခဲ့ရပြီး အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ သေဆုံးမှုများရှိခဲ့သည်။