မကွေးတိုင်း ထီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ (ဧပြီ ၃၀ရက်)တွင် နေရာသုံးခု၌ တိုက်ခိုက်ခဲ့သည်ဟု ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။
ထီးလင်းမြို့နယ် အုန်းထွဲရွာမှ ငါးဆင်းရွာသို့ဒရုန်းဖြင့် ကင်းထောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ထီးလင်း PDFက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ထိတွေ့မှု ၄၅မိနစ်ခန့်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြ သည်။
အဆိုပါတိုက်ပွဲ၌ လက်နက်အင့်အားမမျှ၍ ထီးလင်း PDFရဲဘော်များ နောက်ဆုတ်ပေးခဲ့ကြောင်း၊ နံနက် ၁၀နာရီခွဲခန့်တွင် ငါးဆင်းရွာသို့ စစ်ကောင်စီတပ်များရောက်ရှိလာရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကင်းထောက်တပ်ဖွဲ့နှင့် ထပ်မံထိတွေ့ပစ်ခတ်ခဲ့ကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။
ငါးဆင်းရွာသို့ရောက်ပြီး ပါးမျဉ်းရွာသို့ဆက်လက်ထွက်ခွာသွားသော စစ်ကောင်စီတပ်ကို ထီးလင်း PDFက အသင့်ပြုလုပ်ထားသော တိုက်မိုင်း၊နင်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ သည်။

Public Service Announcement
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိနိုင်သော်လည်း အသေးစိတ်မသိရသေး ကြောင်းနှင့် ထီးလင်း PDFမှ ဒုတပ်ခွဲမှူးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ကာ ဒဏ်ရာရခဲ့ သည်ဟု ထုတ်ပြန်သည်။
“လက်နက်က အရေးတကြီးလိုနေတာ။ ပြည်သူ့တပ်ဖွဲ့တွေ အားလုံးလိုနေတာ။ ကျွန်တော်တို့ အသက်စွန့်တိုက်နေပါတယ်။ ပြည်သူက နောက်ကနေ ဖြည့်ဆည်းပေးပါ”ဟု ယောဒေသမှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
လတ်တလောအခြေအနေမှာ စစ်ကောင်စီတပ်နှင့် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်၍ စစ်ကောင်စီတပ်နှင့် နီးကပ်သော နေရာများသို့အသွားအလာမလုပ်ရန် ထီးလင်း PDFက သတိပေးထားသည်။


















































