မြန်မာပြည်သူများအပေါ် ကုလသမဂ္ဂ၏အားပေးထောက်ခံမှုသည် အရေးကြီးသည့် ယခုအချိန် အခါ၌ မပျက်သင့်ဘဲ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရန် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ၌ တိုက်တွန်းလိုက်သည်။
ယမန်နေ့တွင် ကျင်းပသော ကုလသမဂ္ဂ၊ အမျိုးသားလွှတ်တော်များနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union – IPU) အကြား အပြန် အလှန် အထောက်အကူပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲ၌ မြန်မာသံအမတ်ကြီးက ထည့်သွင်းတိုက်တွန်းခြင်းဖြစ်သည်။
မြန်မာပြည်သူများအပေါ် နိုင်ငံတကာနှင့် ကုလသမဂ္ဂ၏ အားပေးထောက်ခံမှု ဆက်လက်တိုးမြှင့် ခြင်းဖြင့် မြန်မာနိုင်ငံတွင် တရားမျှတမှုနှင့် ဒီမိုကရေစီပေါ်ထွန်းမှု ရရှိမည်ဟု ခိုင်မာစွာယုံကြည် ကြောင်း သံအမတ်ကြီးက ပြောသည်။
စစ်တပ်အုပ်ချုပ်မှုကို အလိုမရှိမှု၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်လိုမှုတို့သည် မြန်မာပြည်သူများ၏ ကျယ်လောင်ပြတ်သားသည့် အသံများဖြစ်ပြီး အဆိုပါမြန်မာပြည်သူများ၏ အသံကို ကုလသမဂ္ဂက နားထောင်စေလိုကြောင်းလည်း သံအမတ်ကြီးက တိုက်တွန်းသည်။

Public Service Announcement
ထို့အပြင် ပြည်ထောင်စုကိုယ်စားပြု လွှတ်တော်ကော်မတီ(CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့သည် ပြည်သူအား ကိုယ်စားပြု ရပ်တည်သည်ကို မြန်မာပြည်သူများက ကြိုဆိုလက်ခံထားကြောင်း ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ အစီရင်ခံသည်။
ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂကိုယ်စားလှယ်များနှင့် IPU အနေဖြင့် CRPH ၊ NUG တို့နှင့် ဆက်လက်ထိတွေ့ဆက်ဆံ၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် တရားမျှတမှုရှိရေးအတွက် ကြိုးပမ်းရာ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သံအမတ်ကြီးက တိုက်တွန်းသည်။


















































