Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(ဩဂုတ် ၂၈ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်အုပ်စုရဲ့ဝင်ငွေရလမ်း MOGE ကို ပိတ်ဆို့ဒဏ်ခတ်ဖို့ ကန်အစိုးရကို တောင်းဆို

အကြမ်းဖက်စစ်တပ်ရဲ့ အဓိကဝင်ငွေရလမ်းဖြစ်တဲ့ ရေနံနဲ့သဘာ၀ဓာတ်ငွေလုပ်ငန်း(MOGE)ကို ပိတ်ဆို့ဒဏ်ခတ်ဖို့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း၊ ကျောင်းသားနဲ့ အလုပ်သမားအဖွဲ့အစည်း ငါးရာကျော်နဲ့ မြန်မာပြည်သူ နှစ်သိန်းခြောက်သောင်းကျော်က အမေရိကန်အစိုးရကို လက်မှတ်ရေးထိုးတောင်းဆိုထားပါတယ်။ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရမှု ၅ နှစ်ပြည့်နှစ် ပတ်လည်နေ့မှာလည်း အမေရိကန်အထက်လွှတ်တော်အမတ်တွေက အမေရိကန် ဘဏ္ဍာရေးနဲ့ နိုင်ငံရေးဝန်ကြီးတွေထံ စာရေးသားပေးပို့ပြီး MOGE ကို ဒဏ်ခတ်ပိတ်ဆို့ဖို့တောင်းဆိုခဲ့ပါတယ်။

▪︎ထိုင်းမှာ ကားတိမ်းမှောက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးသေ၊ ၉ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ၊ စန်ခလာဘူရီခရိုင် အဝေးပြေးလမ်းပေါ်မှာ ကားတိမ်းမှောက်ပြီး တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမား လေးဦး သေဆုံးခဲ့ပြီး ကိုးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြပါတယ်။ အဝေးပြေးလမ်းဘေး မြောင်းထဲကို ကျွမ်းထိုးမှောက်ခုံထိုးကျခဲ့ တဲ့ အဲဒီကားမှောက်မှုမှာ သေဆုံးသူများအနက် ၁၃၊ ၁၄ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးလည်း ပါခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့ ကိုးဦးကိုတော့ စန်ခလာဘူရီဆေးရုံကို ပို့ဆောင်ထားပါတယ်။

▪︎မြင်းခြံမြို့ပေါ်မှာ ရွှေဆိုင်တစ်ဆိုင် အနုကြမ်းစီးခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်က ဝိန့်ဆန်းရွှေဆိုင်ကို လက်နက်တွေနဲ့ဝင်ရောက်ခြိမ်းခြောက်ပြီး လုယက်မှု ဒီနေ့မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလုယက်ခံရ မှုမှာ ဆုံးရှုံးမှုပမာဏကို မသိရသေးဘဲ မြင်းခြံမှာ အခြေချတဲ့ပြောက်ကျားအဖွဲ့တွေ မရှိတာကြောင့် စစ်တပ်လက်ပါးစေ လက်နက်ကိုင်ပျူစောထီးတွေဖြစ်နိုင်တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက မှတ်ချက်ပေးပါတယ်။

Public Service Announcement

Public Service Announcement

ဝိန့်ဆန်း​ရွှေဆိုင်ကိုယခင်က​တွေ့ရစဥ်။ဓါတ်ပုံ-WS
ဝိန့်ဆန်း​ရွှေဆိုင်ကိုယခင်က​တွေ့ရစဥ်။ဓါတ်ပုံ-WS

▪︎အောင်ချမ်းသာတိုက်ပွဲမှာ အတုံးအရုံးသေခဲ့တဲ့စစ်ကောင်စီတပ် မြင်ကွင်းပုံတွေ ထုတ်ပြန်

စစ်ကောင်စီတပ် အထိနာခဲ့တဲ့ ကန့်ဘလူ- ကျွန်းလှ-ကောလင်း သုံးမြို့နယ်အစပ်ရှိ အောင်ချမ်းသာရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တဲ့ မြင်ကွင်းဓာတ်ပုံတွေကို ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။ ဩဂုတ် ၂၃ရက်က ဖြစ်ပွားခဲ့တဲ့ အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီတပ်က အထိနာခဲ့တာကြောင့် လေကြောင်း ပစ်ကူတွေနဲ့အသုံးပြု တိုက်ခိုက်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီတပ်က အများအပြား သေဆုံးခဲ့ပြီး အရာရှိ သုံးဦးကို အရှင်ဖမ်းမိကာ လက်နက်မျိုးစုံ ၂၀ကျော်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။

▪︎ကနီနယ်မှာ ပြည်သူကို လူသားဒိုင်းလုပ် စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်ပြုလုပ် စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ချင်းတွင်းမြစ်အထက်ပိုင်းကလည်း စစ်ကောင်စီတပ် ရေယာဉ်တွေ စုန်ဆင်းလာနေပြီး မြစ်ကမ်းနံဘေး နယ်မြေရှင်းလင်းရေးလုပ်လာနိုင်ပြီး ဒီနေ့ သရက်ပင်ရွာကနေ မင်းအိုရွာဘက်ကိုရောက်ရှိနေပါတယ်။ အဲဒီကနေ အိုင်ထောင်ရွာ၊သပြေတောရွာ၊အုန်းပင်ဆိပ်ရွာ၊နတ်လာပို့ရွာတွေဘက်ကို စစ်ကြောင်းဦးတည် သွားနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။

▪︎တမာမြေပြောက်ကျားရဲဘော်နှစ်ဦးရဲ့ နာရေးကို တစ်လကြာမှ ပြုလုပ်နိုင်

မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် တမာမြေပြောက်ကျားတပ်ဖွဲ့မှ ကျဆုံးသွားတဲ့ ရဲ​ဘော်နှစ်ဦးရဲ့ အရိုးပြာ ဂူသွင်းမြှုပ်နှံခြင်းအခမ်းအနားကို မနေ့က ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ အသက်(၂၀) အရွယ် ရဲဘော်လျှပ်စီးနဲ့ အသက်(၁၈) နှစ်အရွယ် ရဲဘော်ဖောင်းဒိုင်းတို့ဟာ လွန်ခဲ့တဲ့ တစ်လခန့်က လေညင်းတောင်တိုက်ပွဲတွင်ကျဆုံးခဲ့တာဖြစ်ပြီး အဲဒီအချိန်က ရုပ်အလောင်းကို ဂူသွင်းသဂြိင်္ုလ်တာ၊ အလေးပြု အမိန့်ပြန်တာ မပြုလုပ် နိုင်ခဲ့ဘဲ မနေ့ကမှ ပြုလုပ်နိုင်ခဲ့တာပါ။ ကျဆုံးအာဇာနည်ရဲဘော် နှစ်ဦးကို တမာမြေပြောက်ကျားအဖွဲ့ဝင် ရဲဘော်တွေ၊ မဟာမိတ်ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေက လိုက်ပါပို့ဆောင်ခဲ့ကြပြီး အမိန့်ပြန်တမ်းထုတ်ပြန်ကာ အလေးပြုနှုတ်ဆက်ခဲ့ပါတယ်။

▪︎SDDF ဝေဟင်စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးသေဆုံး ဒါဇင်နဲ့ချီဒဏ်ရာရဟုဆို

Saw Dragon Done Force-SDDF ဖွဲ့စည်းချိန်ကစလို့ ၅ လအတွင်း ဝေဟင်စစ်ဆင်ရေးနဲ့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၉ ဦးသေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။ SDDF ကို ဒီနှစ် မတ်လ ၁၅ ရက်မှာ စတင်ဖွဲ့စည်းပြီး ပွဲဦးထွက် မတ်လ ၂၃ ရက်မှာ တောင်ကြာအင်းမြို့နယ် စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်း အညာဒေသက ကျေးရွာတွေကို စစ်ကြောင်းထိုး၊ မီးရှို့၊ ဒေသခံတွေကို သတ်ဖြတ်နေပေမယ့် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံလူထုသပိတ် စစ်ကြောင်းက “လူထုတိုက်ပွဲ အရှိန်မြှင့်ကြဘုံရန်သူကို ချေမှုန်းကြ” ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဒီနေ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ပြည်သူများဆန္ဒထုတ်​ဖော်​နေကြစဥ် ။ ။ဓါတ်ပုံ-CJ
ပြည်သူများဆန္ဒထုတ်​ဖော်​နေကြစဥ် ။ ။ဓါတ်ပုံ-CJ

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာလည်း ကနီသပိတ်အင်အားစုများ စုပေါင်းပြီး “Save Kani Township” ၊ “ကနီမြို့နယ်ကို ကူညီကြပါ” စာသား ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ထန်းသပိတ်ပြုလုပ်ခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှု (၁)နှစ်ပြည့်အဖြစ် ဒီနေ့မနက်ပိုင်းမှာ “အားလုံးလွတ်မြောက်ဖို့ ဒို့အတူတော်လှန်စို့” စာသားနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ