Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (စက်တင်ဘာ ၁၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ တစ်ခုလုံး သပိတ်မှောက်ဆန္ဒပြတဲ့အထိ တပ်တွင်းအခြေအနေဆိုးရွား

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေက ပူးပေါင်းစစ်ကြောင်း တစ်ခုဖြစ်တဲ့ ကော်ဘရာစစ်ကြောင်း တပ်စွဲရာနေရာကို ထိုးစစ်ဆင်ဖို့ အမိန့်ပေးမှုကို မလိုက်နာဘဲ ခမရ (၁၀၂)မှ ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့တစ်ခုလုံးက ရှေ့တန်းစစ်မြေပြင်မှာ သပိတ်မှောက် ဆန္ဒပြခဲ့တယ်လို့ CDM စစ်သားက နွေဦးအသံကို ပြောပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက မြ၀တီ-ဝေါလေ လမ်းပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ် ကောင်စီ တပ်မ(၄၄)လက်အောက်ခံ မုတ္တမမြို့ အခြေစိုက် ခမရ(၁၀၂)မှာ ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့တခုလုံးက လက်နက်ချပြီး သပိတ်မှောက်ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ အကုန်လုံး သေနတ်တွေ လွှင့်ပစ်၊ ကျည်ကာအင်္ကျီတွေလွှင့်ပစ်နဲ့ ဆန္ဒပြကြတာလို့ စက်တင်ဘာ ၉ ရက်မှာ CDM ၀င်လာတဲ့ စစ်သားက ပြောပါတယ်။

CDMဝင်လာ​သောစစ်သားများထံမှ လက်နက်ခဲယမ်းများ
CDMဝင်လာ​သောစစ်သားများထံမှ လက်နက်ခဲယမ်းများ

▪︎AAကစစ်​ကောင်စီစခန်းကုန်းသိမ်းတာက​နေရတဲ့လက်နက်ခဲယမ်း​တွေကိုထုတ်ပြန်

ရက္ခိုင်တပ်​တော်(AA)က ယမန်​နေ့(စက်တင်ဘာလ ၁၀) ရနံနက် (၇) နာရီ ၂၂ မိနစ်ခန့်မှာ မောင်တောမြို့နယ်၊ လောင်းဒုံ(မြို) ရွာ (ခ) ဂြိတ်ချောင်းကျေးရွာရဲ့ အရှေ့တောင်ဘက် (၃) ကီလိုမီတာခန့်အကွာက ဂုတ်ပီကျော်လမ်း (ပဲရွမ်းတောင်)မှာရှိတဲ့ စစ်ကောင်စီတပ် ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာမှာစစ်ကောင်စီတပ်ထံမှ ရက္ခိုင့်တပ်တော် သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်အသုံးအဆာင်ပစ္စည်း​တွေကို ဒီက​နေည​နေမှာထုတ်ပြန်လိုက်ပါတယ်။လက်နက်ခဲယမ်း​တွေကအ​တော်ကိုများပြားတာ​တွေ့ရပါတယ်။

▪︎ကူတော်ရဲစခန်းမှ တပ်သားနှစ်ဦး လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်သား နှစ်ဦးက သေနတ်နှစ်လက်၊ လက်ပစ်ဗုံးငါးလုံးနဲ့ ကျည်ဆန်အမြောက်အများယူ​ဆောင်လာပြီး ပြည်သူနှင့် ပူးပေါင်းပြီး CDM ပြုလုပ်လာပါတယ်။ ဘုတလင်မြို့နယ် ကူတော်ရဲစခန်းမှာ တာဝန်ကျနေတဲ့ စစ်သားနှစ်ဦး CDM ပြုလုပ်လာတာဖြစ်ပါတယ်။ CDM စစ်သားနှစ်ဦးဟာ MA2၊ MA1 အမျိုးအစား သေနတ် နှစ်လက်၊ ကျည်အတောင့် ၄၀၀ ၊ လက်ပစ်ဗုံး ငါးလုံးနဲ့ နင်းမိုင်း တစ်ခုကို ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဒုံးပျံ Local PDF တပ်ဖွဲ့က တစ်ဦးလျှင် သိန်း ၅၀စီ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

CDM ဝင်လာ​သောစစ်​ကောင်စီတပ်သား နှစ်ဦး
CDM ဝင်လာ​သောစစ်​ကောင်စီတပ်သား နှစ်ဦး

▪︎ထောင်ဖောက် ထွက်ပြေးလာတဲ့ နိုင်/ကျဉ်း ငါးဦးကို ဘေးကင်းရာကို PDF ကယ်ထုတ်

မကွေးတိုင်း ပခုက္ကူခရိုင် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ငါးဦးဟာ သူတို့အစီအစဉ်နဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့ရာ ဘေးကင်းရာကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ် Young Force (UG) တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ထွက်ပြေးလွတ်မြောက်လာသူတွေဟာ တော်လှန်ရေး ရဲဘော်နှစ်ဦး၊အခြား နိုင်ငံရေး ပုဒ်မတွေနဲ့ မတရားဖမ်းဆီးခံထားခြင်းခံရသူ သုံးဦးတို့ ဖြစ်ပါတယ်။ ငါးဦးစလုံးကို လွတ်မြောက်ဘေးကင်းရာကို ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ခဲ့ပြီး နေရာကဏ္ဍ အသီးသီးမှ ပါဝင်ကူညီပေးတဲ့ မြို့နယ်(ပကဖ)၊ အခြားသော နယ်မြေခံ အဖွဲ့အစည်း၊မဟာမိတ် တပ်ဖွဲ့တွေကို လွတ်မြောက်လာတွေ ကိုယ်စား အထူးကျေးဇူးတင်ရှိတယ်လို့ Young Force (UG)က ထုတ်ပြန်ပါတယ်။

ထောင်မှထွက်​ပြေးလွတ်​​မြောက်လာ​သောနိုင်ငံ​ရေးအကျဥ်းသားများနှင့်PDFတပ်ဖွဲ့ဝင်များ
ထောင်မှထွက်​ပြေးလွတ်​​မြောက်လာ​သောနိုင်ငံ​ရေးအကျဥ်းသားများနှင့်PDFတပ်ဖွဲ့ဝင်များ

▪︎အမ်းမြို့မ ဒုစခန်းမှူးကို စစ်ကောင်စီဖမ်းဆီး

ရခိုင်ပြည်နယ် အမ်းမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်သက်လှိုင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ရဲစခန်းတစ်ခုလုံး ကြောက်ရွှံ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်လူမျိုးဖြစ်တဲ့ ရဲအုပ်သက်လှိုင်ကို စစ်ကောင်စီတပ်က မနေ့ညနေပိုင်းက ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာတော့ မသိရသေးပါဘူး။ ရခိုင်ပြည်နယ်မှာ အကြမ်းဘက်စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ AA က စစ်တပ်စခန်းအချို့ကို သိမ်းပိုက်ထားပါတယ်။ အရေးနိမ့်နေတဲ့ စစ်တပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ဒေသခံတွေကို ဖမ်းဆီးတာတွေလည်း လုပ်ဆောင်နေပါတယ်။

▪︎မနေ့ကမိုးဗြဲတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ ဦးထက်မနည်းသေ

ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲဒေသမှာ မနေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်လည်း ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (PDF)က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်နဲ့ မိုးဗြဲPDF၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ URF၊ နေပြည်တော် PDF၊ KGZ မဟာမိတ်ပူးပေါင်းတပ်တွေအကြား စက်တင်ဘာ ၈ ရက်က စတင်တိုက်ပွဲပြင်းထန်ခဲ့ပြီး မနေ့ညပိုင်းအထိ ဆက်လက်ပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်လေယာဥ်သုံးကာ ၇ ကြိမ် တိုက်ခိုက်ခဲ့ပေမယ့်လည်း စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသူ ၄၀ ကျော်ရှိပြီး အထိနာနေတဲ့ စစ် ကောင်စီတပ်ဟာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေနဲ့ပါ အင်အားသုံးတိုက်ခိုက်ခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေဘက်ကလည်း ၁၃ ဦးဒဏ်ရာရရှိခဲ့ပြီး သုံးဦးစိုးရိမ်ရ​တယ်လို့ သိရပါတယ်။

▪︎တပ်ပိုင်အထည်ချုပ်စက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ တပ်ပိုင်အထည်ချုပ်စက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ ရဲသုံးဦးသေဆုံးသွားတယ်လို့ Royal Defence Force R.D.F(PKU)အဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။ တပ်ပိုင် အမှတ်(၁၁)ချည်မျှင်နှင့် အထည်ချုပ်စက်ရုံရှိ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၈ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော် လှန် ရေးရဲဘော်တွေဘက်ကလည်း ရန်သူ့လက်နက်သွားကောက်နေစဥ် နှစ်ဦးကျဆုံးခဲ့ရပါတယ်။ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ဘငြိမ်းနဲ့ ရဲဘော် မောင် Snake တို့ ကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

▪︎ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းနဲ့ ဗုံးနှစ်ကြိမ်ချ

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းမှာ ခရီးသွားပြည်သူတွေဆီကနေ အဓမ္မငွေတောင်းခံနေတဲ့ ညောင်ပင်ဝန်းရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုအပြီး ဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ဆေးရုံပို့ဖို့ပြင်ဆင်နေချိန်မှာလည်း ထပ်မံတိုက်ခိုက်ခံခဲ့ရပါသေးတယ်။ ပထမတစ်ကြိမ် တိုက်ခိုက်မှုမှာ စစ်သားသုံးဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ဒုတိယတစ်ကြိမ်မှာ နောက်ထပ်နှစ်ဦးထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

▪︎မြစ်ငယ်နယ်မှာ အုပ်ကြီးတစ်ဦးကို PDF အမျိုးသမီးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်း

အမရပူရမြို့နယ် မြစ်ငယ်မြို့ ဥယျာဥ်တော်ကျေးရွာ အမှတ်(၆)မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို MN PDF အမျိုးသမီးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၉ ရက် မနက်ပိုင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်အုန်း(ခ)ပွကြီးစိန်ဆိုသူကို ဝေဠုဓမ္မာရုံအနီး သေနတ်နဲ့ ၇ ချက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပစ်ခတ်ရှင်းလင်းမှုမှာ စစ်ကောင်စီခန့်အုပ်ကြီးကိုင်ဆောင်တဲ့ သေနတ်ကို အခြေအနေအရ ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ အသိပေးပါတယ်။ နောက်ပြီး အဲဒီပစ်ခတ်မှုမှာ ပြည်သူတစ်ဦး လက်ထိမှန်ခဲ့တဲ့ အပေါ် MN PDF ကအနူးအညွတ်တောင်းပန်ထားပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

မန္တလေးမြို့မှာ သံဃသမဂ္ဂ နဲ့ မန္တလေးသပိတ်အင်အားစု ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး နဲ့ သံတမန်ရေးရာတိုက်ပွဲ အတွက် လူထုအားလုံးပါဝင်ကြဖို့ ဒီနေ့ နှိုးဆော်ဆန္ဒပြခဲ့ ပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာလည်း ဒေသခံပြည်သူတွေက “NUGအစိုးရ ဒို့အစိုးရ၊ ငါတို့သံအမတ်ဦးကျော်မိုးထွန်း” ၊ “၅/ဟေ့ရဲရဲနီ အာဏာရှင်စနစ်အမြစ်ဖြတ်မည်” ၊ “အောင်နိုင်စိတ်ထား ခင်ဦးသား သမိုင်းထူမယ့် ခင်ဦးသူ”စတဲ့ လူထုကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ