▪︎အရေးတော်ပုံ မြန်မြန်အောင်ဖို့ လူတိုင်းပါဝင်ဖို့လိုပြီလို့ ကရင်နီပြည်သူ့အင်အားစုတိုက်တွန်း
စစ်ကောင်စီတပ်ကို အထိနာအောင်ခုခံတွန်းလှန်စစ် ပြင်းထန်စွာဆင်နွှဲနေတဲ့ ကရင်နီမှာ ပြည်နယ်အတွင်း စစ်ကောင်စီ အခြေစိုက်တပ်သားအင်အား ၇၅၀၀ ခန့်ရှိပြီး တော်လှန်ရေးအဖွဲ့ အင်အားမှာ ၁၅၀၀၀ ကျော်ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က ဒီနေ့ထုတ်ပြန်ပါတယ်။

အရေအတွက်အရ တစ်ယောက်ချင်းစီးချင်းထိုးရင် အာဏာသိမ်း စစ် တပ်ကို နေ့ချင်းပြီး နိုင်ပေမယ့် လက်နက်ခဲယမ်းအရင်းအမြစ်ကို ယှဥ်ဖို့ခက်ခဲနေတယ်လို့ ကရင်နီဒေသခံတစ်ဦးက ဆိုပါတယ်။ ကရင်နီပြည်ရဲဘော်တွေဟာ အခက်အခဲကြားကနေ ကြိုးစားနေပြီး လူထုအနေဖြင့်လည်း တော်လှန်ရေးကို မျက်ခြည်မပြတ်ဘဲ တတ်နိုင်တဲ့ဘက်မှ ပါ၀င်ဖို့ အဲဒီဒေသခံက တိုက်တွန်းပါတယ်။

▪︎ကရင်နီမှာ တပ်ဖွဲ့စည်းပုံပျက်တဲ့အထိ အခြေအနေဆိုးနေတယ်လို့ KA ထုတ်ပြန်
ကရင်နီပြည်နယ်ရောက် တပ်မ ၆၆ မှ တပ်ရင်းမှူး သုံးဦးသာကျန်ရှိပြီး တပ်ဖွဲ့စည်းပုံပျက်တဲ့အထိ အခြေအနေဆိုးနေတယ်လို့ ကရင်နီတပ်မတော် KA က ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသကို စစ်ကူအဖြစ် တပ်ရင်း ၆ ရင်းကို ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မ ၆၆ မှ တပ်မမှူးမျိုးမင်းက ဦးဆောင်လာခဲ့ပါတယ်။ အဲဒီတပ်ရင်း ၆ ရင်း နဲ့ ဒေသခံစစ်ကောင်စီတပ်တို့ကို ကရင်နီတပ်မတော်(KA)အပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ PDF တပ်တွေက ခုခံတိုက်ခိုက်ခြင်း၊ တန်ပြန်ထိုးစစ်ပြုလုပ်ခြင်းနဲ့ အခြား စစ်ဗျူဟာ အဝဝနဲ့ ပြန်လည်ချေမူန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ KA ဆိုပါတယ်။

Public Service Announcement

တပ်ရင်းမှူတွေအနက် ဖရူဆိုတိုက်ပွဲမှာ တပ်ရင်းမှူးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး ကျန်တပ်ရင်းမှူးနှစ်ဦးမှာလည်း ဒဏ်ရာရခဲ့တာကြောင့် တပ်ရင်းမှူး သုံးဦးသာ ကျန်ရှိတော့တယ်လို့သိရပါတယ်။ မကြာသေးမီက တပ်မ ၆၆ နောက်ထပ် တပ်ရင်းမှူးတစ်ဦးဟာ အလုပ်တာ၀န်ထမ်းဆောင်လိုစိတ်မရှိဘူး လို့တင်ပြခဲ့တာကြောင့် ကြီးလေးတဲ့ပြစ်ဒဏ်စီရင်ဖို့ နောက်တန်းကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ KA က ထုတ်ပြန်ပါတယ်။

▪︎မုံရွာအကျဥ်းဦးစီးဌာန အရာရှိတစ်ဦးကို PDF ဖမ်းဆီးထိန်းသိမ်း
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အကျဥ်းဦးစီးဌာနမှ အရာရှိတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Fight For People F.F.P ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့က အကျဉ်းထောင်များကြီးကြပ်ရေးအဖွဲ့ရဲ့ အင်ဂျင်နီယာ-ဒုကြီးကြပ်ရေးမှူး အကျဉ်းဦးစီးဌာန နှစ်ပွင့်ဗိုလ်မျိုးညွန့်အောင်ကို မုံရွာမြို့နယ်၊ သာစည် ကျေးရွာမှာ အသစ်ဆောက်လုပ်နေတဲ့အကျဉ်းထောင်ကနေ တိတ်တဆိတ်ထွက်ခွာလာချိန် သာစည်လမ်းပေါ်မှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ မုံရွာခရိုင်တပ်ရင်း( ၂ )တပ်ခွဲ (၄) Fight For People F.F.P ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

▪︎မောင်တောတိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေသုံးနေ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ မီးတိုက်နယ်ခြားစောင့် တပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)က မနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာလည်း မောင်တောမြောက်ပိုင်းရှိ ကြိမ်ချောင်းဗျူဟာ ကာကင်းစခန်းတစ်ခုကို AAက တိုက်ခိုက်ခဲ့တယ်လို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။ မီးတိုက်စခန်း တိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်း ပစ်ကူရယူတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှု တွေကြောင့် မီးတိုက်နဲ့ သဘော်လှကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း မယူတောင်ခြေက စစ်ကောင်စီတပ်စခန်းတစ်ခုကို AA က ၀င် တိုက်ခဲ့တယ်လို့ သိရပါတယ်။
▪︎လုံခြုံရေးဂိတ်လေးခုကို YDF ထီးလင်း စတင်ဖွင့်
အများပြည်သူ လုံခြုံစွာသွားလာနေထိုင်နိုင်ဖို့ရည်ရွယ်ပြီး ထီးလင်းမြို့နယ်အတွင်း လုံခြုံရေးဂိတ်လေးခုကို ဖွင့်လှစ်ထားပြီလို့ YDF-Htilin က ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီဂိတ်တွေမှာ မည်သည့် အခကြေးငွေမျှ တောင်းယူကောက်ခံမှာ မဟုတ်ဘဲ ပြည်သူ့လုံခြုံရေးကိုသာ ဆောင်ရွက်မယ်လို့ အသိပေးပါတယ်။ ပြည်သူတွေအနေနဲ့လည်း လုံခြုံရေးအရ စစ်ဆေးမေးမြန်းပါက ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။ နောက်ပြီး စစ်ကောင်စီနဲ့ ဆက်စပ်ပတ်သက်တဲ့ တားမြစ်ကုန်ပစ္စည်းတွေ သယ်ဆောင်ရောင်းဝယ်ခြင်းများမပြုဖို့နဲ့ ဂိတ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ငွေကြေးပေးဆောင်ခြင်းမပြုလုပ်ကြဖို့ အသိပေးပါတယ်။


▪︎ရန်ကုန်နဲ့ထား၀ယ်က သပိတ်လူငယ်သုံးဦး ဖမ်းဆီးခံရ
ရန်ကုန်လူထုသပိတ်အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခဲ့ပြီး သုံးရက်ကြာသည် အထိသတင်းမရတာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ရန်ကုန်လူထုသိပိတ်က မနေ့က အသိပေးထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်လူထုသပိတ်အဖွဲ့ဝင် SMVTI Vocational Training Institute ကျောင်းသား ကိုဇွဲထက်ကို ရိုက်နှက်ဖမ်းဆီးခဲ့တာပါ။ ကိုဇွဲထက်ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေပြီး သပိတ်ရဲဘော်တစ်ဦးကို စစ်ကောင်စီက မတရားပုဒ်မများတပ်မှာကို စိုးရိမ်နေတယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ထားပါတယ်။ အလားတူ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ တော်လှန်ရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် လူငယ်နှစ်ဦးဖြစ်သူ ကိုအောင်ကိုကိုလွင်နဲ့ ကိုဟိန်းဇေအောင်တို့ကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခဲ့တယ်လို့ Dawei Youth Revolutionary Movement Strike Committe (DYRMSC)က ဒီနေ့ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ကိုအောင်ကိုကိုလွင်ကို မနေ့ညပိုင်းက လမ်းခုလတ်မှာ ဖမ်းဆီးခဲ့ပြီး ကိုဟိန်းဇေအောင်ကို နေအိမ်မှာ ၀င်ဖမ်းခဲ့တယ်လို့ DYRMSC က ပြောပါတယ်။



▪︎အရွယ်မရောက်သေးသူ လူငယ်၊ ကလေးငယ်တွေကို စစ်တပ်ဖမ်းဆီးသတ်ဖြတ်
စစ်ကောင်စီတပ်ဟာ မကွေးတိုင်း ရေစကြိုမြို့မှ အသက်(၁၁)နှစ်အရွယ် ကလေးတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်ပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့မှ အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် လူငယ်လေးဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေစကြိုမြို့နယ် ဇီးကုန်းကျွန်းရွာမှ (၁၁) နှစ်အရွယ် ကလေးငယ်တစ်ဦးကို စက်တင်ဘာ ၈ရက်မှာ သေနတ်နဲ့ပစ်သတ်ပြီး ရုပ်အလောင်းကို မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်သတ်ပြီး မီးရှို့ခံရတဲ့ ကလေးငယ်ဟာ ရွာအတွင်း စစ်ကောင်စီတပ်ဝင်လာစဥ် ထွက်ပြေးလို့ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်ကိုလည်း စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်နေပြီး ကိုးတောင်ဘို့တိုက်နယ် ဇီးကနားကျေးရွာမှ အသက်(၁၇)နှစ်အရွယ် မသဇင်မိုးအပါအဝင် လူငယ်လေးဦးကို စက်တင်ဘာ ၈ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပါတယ်။
▪︎မုံရွာ – မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းနှစ်ကြိမ်ထိ
စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်မှာ စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်းတွေနဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးတယ်လို့ ZEROပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က သတင်းထုတ်ပြန်ပါတယ်။ မနေ့မွန်းလွဲပိုင်းက မုံရွာမှစစ်ကိုင်းမြို့ဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီရဲ့ (၁၁)စီးပါ ယာဉ်တန်းအနက် စစ်သား အများဆုံး လိုက်ပါလာတဲ့ (၃)စီးမြောက်ယာဉ်ကို ထီးဆောင်းနဲ့ ကံပြားရွာကြားမှာ ပဒေသာမိုင်း(၉)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မော်တော်ယာဉ်နဲ့ စစ်ကောင်စီတပ်သားများထိခိုက်သွားတယ်လို့ ဆိုပါ တယ်။ ဆက်လက်ပြီး ယာဥ်တန်းဟာ ဆက်လက်မောင်းနှင်ရာ နဘဲကြူးနဲ့ ပျော့ရွာကြားအရောက် နောက်ထပ် ပဒေသာမိုင်း(၅)လုံးနဲ့ ဖောက်ခွဲနိုင်ခဲ့ပြီး စစ်ကောင်စီယာဥ်များ ဆက်လက်မောင်းနှင်ခြင်းမရှိတော့ဘဲ ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။
▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
ရန်ကုန်မြို့ ခုံးကျော်တံတားတစ်ခုပေါ်မှာ တော်လှန်လူငယ်တွေက “ကျွန်တော်တို့ ပြည်သူတွေ သွေးမအေးဘဲ တော်လှန်ရေးကို အဆုံးထိပါဝင်ပေးကြပါ” စာသားကို ချိတ်ဆွဲကာ ပြည်သူအားလုံး တော်လှန်ရေးမှာ သွေးအေးမသွားကြဖို့ တိုက်တွန်းနှိုးဆော်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာလည်း ဒေသခံပြည်သူတွေက “NUGအစိုးရ ဒို့အစိုးရ ငါတို့သံအမတ် သည် ဦးကျော်မိုးထွန်း” ၊ “၅/ဟေ့ရဲရဲနီ အာဏာရှင်စနစ်အမြစ်ဖြတ်မည်” ၊ “အောင်နိုင်စိတ်ထား ခင်ဦးသား သမိုင်းထူမယ့် ခင်ဦးသူ” စတဲ့လူထုကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ အခြေခံပညာကျောင်းသားများသပိတ်ကော်မတီဝင်များ၊ အမျိုးသမီးများ၊ LGBT နှင့် လူငယ်များက “စစ်ကျွန်မရှိတဲ့ တိုင်းပြည်မှာ စစ်အာဏာရှင် မရှိဘူး” စာတန်းကိုင်ဆောင်ပြီး မိုးရွာနေသည့်ကြားမှ ဆိုင်ကယ်တွေနဲ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။


















































