Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်ကပစ်​ခတ်​သောမော်တာကျည်ဘင်္ဂလားဒေ့ရှ်ပိုင်နက်မှာကျရောက်ပြီး ရိုဟင်ဂျာတစ်ဦးသေ၊ ​ခြောက်ဦးဒဏ်ရာရ

မြန်မာဖက်ကနေ ကျွံဝင်လာတဲ့ လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲတာမျိုး ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖက်ခြမ်းမှာ အရင်ကလည်း ဖြစ်ခဲ့ဖူးပေမယ့် အခုကိစ္စမှာတော့ ပထမဆုံးအကြိမ် လူအသေအပျောက် ရှိလာခဲ့တာပါ။

သြဂုတ် ၂၈ ရက်တွင်စစ်​ကောင်စီတပ်ကပစ်ခတ်​သေလက်နက်ကြီးကျည်ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်ကျ​ရောက်ပြီး မ​ပေါက်ကွဲခဲ့​သောကျည်တစ်လုံး ။ ဓါတ်ပုံ-File Photo
သြဂုတ် ၂၈ ရက်တွင်စစ်​ကောင်စီတပ်ကပစ်ခတ်​သေလက်နက်ကြီးကျည်ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်ကျ​ရောက်ပြီး မ​ပေါက်ကွဲခဲ့​သောကျည်တစ်လုံး ။ ဓါတ်ပုံ-File Photo

မြန်မာဖက်ခြမ်းက ပစ်ခတ်လိုက်တဲ့ မော်တာကျည်ဆန်က ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး ရိုဟင်ဂျာ လူငယ်တစ်ဦး သေဆုံးပြီး ​ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ​မီဒီယာများနဲ့ AFP သတင်းဌာနက​ဖော်ပြပါတယ်။

စက်တင်ဘာ ၁၆ ရက်က ဖြစ်စဉ်မှာ မော်တာကျည်ဆန်ဟာ နယ်စပ်ကို ဖြတ်ကျော်လာပြီး ဘင်္ဂလားဒေ့ရှ်ဖက် အခြမ်းကို ကျရောက်ခဲ့တာလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။ မော်တာကျည် ထိမှန်တာကြောင့် အသက် ၁၈ နှစ်အရွယ် ရိုဟင်ဂျာ လူငယ်တစ်ဦး သေဆုံးပြီး နောက်ထပ် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဧရိယာအချို့ကို Google Map မှ​တွေ့ရမှု
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဧရိယာအချို့ကို Google Map မှ​တွေ့ရမှု

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းက ကော့စ်ဘဇား ဒေသမှာ မြန်မာဖက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ အများစု အပါအဝင် ဒုက္ခသည် ၁ သန်းလောက်ဟာ ခိုလှုံရေးစခန်းတွေမှာ ဖြန့်ကျက် နေထိုင်နေကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ကရိုဟင်ဂျာမွတ်ဆလင်တွေအပေါ်ရက်ရက်စက်စက်ဖိနှိပ် ဖြိုခွင်းခဲ့တဲ့နောက် ကော့စ်ဘဇား ခိုလှုံရေးစခန်းတွေမှာ ဒုက္ခသည် အရေအတွက် သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း နယ်စပ်ဧရိယာနားမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ကြားတိုက်ပွဲတွေလည်း ပြန်လည် ဖြစ်ပေါ်လာခဲ့ပါတယ်။ စက်တင်ဘာ ၁၆ ရက်မှာတော့ နယ်စပ်နားက တမ်ဘရူမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် လူငယ် တစ်ဦးဟာ မော်တာကျည် အစအနတွေ ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းခေါင်းဆောင် ဒီလ်မိုဟာမက်က ပြောပါတယ်။ ဒီကိစ္စမျိုး အလားတူ ထပ်ကြုံလာမှာကို ရိုဟင်ဂျာ ဒုက္ခသည်တွေ တွေးတော စိတ်ပူနေကြတယ်လို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အကြီးအကဲ ဗိုလ်ချုပ်ဖိုင်ဇူရာမန်ကလည်း မော်တာကျည်ဆန် ကျရောက်လို့ ရိုဟင်ဂျာတစ်ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။ သူ့ရဲ့ တပ်ဖွဲ့တွေဟာ အခင်းဖြစ်ရာ ဧရိယာ တဝိုက်ကို သွားရောက်ပြီး လုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့သလို မြန်မာဖက်ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမယ်လို့ ဗိုလ်ချုပ် ရာမန်က ပြောပါတယ်။

မြန်မာဖက်ကနေ ကျွံဝင်လာတဲ့ လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲတာမျိုး ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖက်ခြမ်းမှာ အရင်ကလည်း ဖြစ်ခဲ့ဖူးပေမယ့် အခုကိစ္စမှာတော့ ပထမဆုံးအကြိမ် လူအသေအပျောက် ရှိလာခဲ့တာပါ။

စက်တင်ဘာဆန်းပိုင်းတုန်းမှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက နိုင်ငံပိုင်နက်ထဲ မြန်မာဖက်က ပစ်ခတ်တဲ့ မော်တာကျည်တွေ၊ အမြောက်ဆန်တွေ ကျရောက်နေတာ၊ လေပိုင်နက် ထိပါးကျူးကျော်မှု ခံနေရတာတွေအတွက် အလေးအနက် စိုးရိမ်ကြောင်း အာဏာသိမ်းစစ်​ကောင်စီခန့်သံအမတ်ကို​ခေါ်ယူ သတိ​ပေးပြောကြားခဲ့ဖူးပါတယ်။ လက်နက်ကြီးကျည်​တွေကျ​ရောက်မှု​ကြောင့် မြန်မာ စစ်​ကောင်စီခန့်သံအမတ်ကို ဘင်္ဂလားဒေ့ရှ်က ​ခေါ်ယူသတိ​ပေးခဲ့တာ သုံးကြိမ်ရှိပြီဖြစ်ပါတယ် ။

လက်နက်ကြီးကျည်ကျ​ရောက်တာ​တွေ ၊ဘင်္ဂလားဒေ့ရှ် ​လေပိုင်နက်ကို ကျူး​ကျော်ပြီးပစ်ခတ်တာ​တွေကို စစ်​ကောင်စီတပ်နဲ့ နယ်ခြား​စောင့်တပ်တို့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အခုတစ်ကြိမ် လက်နက်ကြီး​မော်တာကျည်ပစ်ခတ်တာကို ဘယ်သူကပစ်ခတ်တာလို့ သတင်း​တွေမှာ​ဖော်ပြမထား​သေးပါဘူး။ ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်​ကောင်စီတပ် တိုက်ပွဲ​တွေပြင်းထန်​နေပြီး AA ကစစ်ျကာင်စီစခန်း​တွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်​နေပါတယ်။စစ်​ကောင်စီတပ်ကအထိနာတဲ့အခါ​လေ​ကြောင်းတိုက်ခိုက်မှု နဲ့ လက်နက်ကြီးတိုက်ခိုက်မှု​​တွေကို ပိုမိုပြုလုပ်​လေ့ရှိပါတယ်။

အစောပိုင်းက ဘင်္ဂလားဒေ့ရှ် အစိုးရဟာ အခုနှစ်ကုန်ပိုင်းကစလို့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ အကောင်အထည် ဖော်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေ အရှိန်မြင့်နေတာကြောင့် ဒီရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်လိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။