မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို အမေရိကန်သမ္မတနဲ့ ဒုတိယသမ္မတတို့က ကန့်ကွက်ရှုတ်ချပြီး မြန်မာပြည် သူတွေနဲ့အတူ ရပ်တည်တယ်လို့ ဒုတိယသမ္မတခါမလာဟာရစ်က ပြောဆိုလိုက်ပါတယ်။
စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကြောင့် သမ္မတဂျိုးဘိုင်ဒင်နဲ့ ဒုတိယသမ္မတတို့ အထူးစိုးရိမ်မကင်းဖြစ်ရတယ်လို့လည်း အာရှဒေသကို ပထမဆုံးလာရောက်တဲ့ ခရီးစဉ်အတွင်း ခါမလာဟာရစ်က ပြောဆိုခဲ့တာပါ။
“အကြမ်းဖက်မှုတွေကို ကျွန်မတို့ကန့်ကွက်ရှုတ်ချပြီး မြန်မာပြည်သူလူထုနဲ့အတူရပ်တည်ပါတယ်။ ဒီကိစ္စဟာ အဆုံးသတ်ကို သတ်ရမှာပါ။ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူတွေကိုပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိအောင် အမြန်ဆုံးပြန်လည်ဖော်ဆောင်ဖို့ ကျွန်မတို့ ဒီကနေ့ ထပ်မံတောင်း ဆိုပါတယ်”လို့ အမေရိကန်ဒုတိယသမ္မတက ပြောပါတယ်။
ဒုတိယသမ္မတခါမလာဟာရစ်က စင်ကာပူနဲ့ ဗီယက်နမ်တို့ကို တရားဝင်ခရီးစဉ်လာရောက်ခဲ့ပြီး သွားရောက်ခဲ့တဲ့ နှစ်နိုင်ငံစလုံးမှာ မြန်မာနိုင်ငံအရေးကို စိုးရိမ်ပူပန်ကြောင်းနဲ့ မြန်မာ့အကျပ်အတည်းကို အာဆီယံဒေသတွင်းနိုင်ငံ တွေအပါအဝင် နိုင်ငံတကာက ကူညီဖြေရှင်းဖို့ တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။

Public Service Announcement


















































