Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ပဲခူး ရွှေမော်ဓောဘုရား တန်ဆောင်တိုင်ပွဲ ပြုလုပ်ရန် ဘုရားဝန်းရှိ ဆိုင်ခန်းများအား အဓမ္မပိတ်ခိုင်း

စစ်ကောင်စီက ထုတ်ပြန်သည့် စာအရနိုဝင်ဘာ ၅ ရက်က စတင်၍ လက်ရှိဆိုင်ခန်းများအား ခေတ္တပိတ်ထားရန်နှင့် ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ပြန်လည်အသိပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အရပ်သားအစိုးရလက်ထက် ၂၀၁၉ ခုနှစ်က ရွှေမော်ဓော တန်​ဆောင်တိုင်ဘုရားပွဲကျင်းပခဲ့စဥ် (ဓါတ်ပုံ-CJ)
အရပ်သားအစိုးရလက်ထက် ၂၀၁၉ ခုနှစ်က ရွှေမော်ဓော တန်​ဆောင်တိုင်ဘုရားပွဲကျင်းပခဲ့စဥ် (ဓါတ်ပုံ-CJ)

စစ်ကောင်စီ၏ အတုအယောင် တန်ဆောင်တိုင်ပွဲကို တက်ရောက်ခြင်း မပြုရန် တော်လှန်ရေး အင်အားစုများ တိုက်တွန်း

ပဲခူးမြို့ ရွှေမော်ဓောဘုရားအနီးတွင် စစ်ကောင်စီကတန်ဆောင်တိုင်ပွဲတော် ပြုလုပ်ရန်အတွက်အတင်းအကြပ်စီစဥ်​နေပြီး လုံခြုံရေးအကြောင်းပြ၍ ဘုရားဝန်းရှိ မူလ ဆိုင်ခန်းများ အားလုံးအား မနက်ဖြန် (နိုဝင်ဘာ ၅) မှ စတင်၍ အဓမ္မပိတ်ခိုင်းထားကြောင်း ဒေသခံများက​ပြောသည်။

” စစ်ကောင်စီက ရွှေမော်ဓော ဘုရား တန်ဆောင်တိုင်ပွဲတော်ပြုလုပ်ဖို့ ဆိုပြီး ရှင်စောပု တိုက်တန်းလျားရှေ့က ဘုရားဝန်း ဆိုင်ခန်းတွေ အားလုံး ပန်းဆိုင်တွေပါ မချန် မနက်ဖြန်က စပြီး ပိတ်ခိုင်းထားတယ်။ ဘယ်ရက်ပြန်ဖွင့်ရမလဲ ဆိုတာလဲ မပြောထားဘူး။ လုံခြုံရေးအကြောင်းပြပြီး ပိတ်ခိုင်းတာပါ။ ပွဲတော်ရက်ကို မှီခိုနေရတဲ့ ဆိုင်ခန်းတွေ အားလုံး ဒုက္ခ ရောက်နေရပါတယ် ” ဟု ပဲခူးမြို့နေ ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက ထုတ်ပြန်သည့် စာအရနိုဝင်ဘာ ၅ ရက်က စတင်၍ လက်ရှိဆိုင်ခန်းများအား ခေတ္တပိတ်ထားရန်နှင့် ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ပြန်လည်အသိပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

” မနက်ဖြန် ၅ရက်နေ့က စပြီး ဘုရားလမ်းအဝင်အကုန်ပိတ်ပါမယ်လို့ သိရတယ်။ ဘုရားလမ်းဘေးစျေးဆိုင်တွေလဲ ပိတ်ရမယ်။ ပွဲတော်ကို ဌာနဆိုင်ရာမိသားစုက လွဲရင် ပေးမဝင်ပါဘူး။ လုံခြုံရေးတွေလည်း အထပ်ထပ်ချထားတယ်။ ဘုရားလမ်းက ဓာတ်တိုင်တိုင်းမှာ အသံဖမ်းစက်တွေလည်း တပ်ထားမယ် လို့ ကြားပါတယ် ” ဟုအခြား မြို့ခံတစ်ဦးကလည်းသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီ၏ တန်​​ဆောင်တိုင်အတွက် စစ်တပ်နှင့်ရင်းနှီးသောမြို့ခံလုပ်ငန်းရှင် ၄ ဦးက အဓိကအကူအညီ​ပေး​ကြောင်းလည်း မြို့ခံအချို့က​ပြောသည်။

စစ်ကောင်စီသည် လက်ရှိတွင် နိုင်ငံရေးတည်ငြိမ်သယောင် ပြုလုပ်၍ ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်တွင်လည်း အတုအယောင် တန်ဆောင်တိုင်ပွဲတော်ကို လူစည်ကားစေရန်အတွက် သီချင်းဆိုပွဲ၊ စျေးရောင်းပွဲနှင့် မျက်လှည့်ပွဲများနှင့်ပါ ပြုလုပ်ရန် စီစဥ်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူတွေ တော်လှန်ရေးအရှိန်လျော့ပြီး နိုင်ငံရေးစိတ်မဝင်စားအောင်လို့လည်းပါတယ်။ ပဲခူးမှာ အပျော်အပါးနေရာတွေ လုပ်ပေးထားတယ်။ We Love Bago တို့၊ နန်းတော်ရာတို့ ညစျေးတို့။ အဲဒါတွေနဲ့ ပြည်သူတွေပျော်ပါးပြီး နိုင်ငံရေးစိတ်ဝင်စားမှုနည်းအောင် လုပ်တာလည်းပါတယ်။ PDF တွေကို လျစ်လျှူရှုအောင် ပြည်တွင်းမှာ အလွန်ငြိမ်းချမ်းတယ်လို့ ထင်အောင် ပြသတာ။”ဟု ပဲခူးမြို့မှ ရဲဘော်တစ်ဦးက ပြောသည်။

တန်ဆောင်တိုင်ပွဲတွင် သီဆိုကြမည့်သူများ သည် ပဲခူးမြို့ သာသနာ့ဗိမာန်နှင့် သီရီဟံသာ ခန်းမများတွင် ညနေ ၆ နာရီမှ စတင်၍ သီချင်းတိုက်နေကြသည်မှာ တစ်ပါတ်ခန့်ရှိပြီဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်အုပ်စုသည် တန်ဆောင်တိုင်ပွဲ လက်ကမ်းစာစောင်များကို လူစည်ကားရာပဲခူးမြို့ ဘုရားလမ်း၊ ညစျေးတန်းလမ်းဆုံနှင့် ညစျေးတန်းတို့တွင် လိုက်လံ ကမ်းလျက်ရှိသည်။

ပဲခူးမြို့ရွှေမော်ဓော ဘုရားကြီး အနောက်ဘက်မုဒ် ယာဥ်ရပ်နားဝင်းတွင်လည်း မီးပုံးပျံလွှတ်ပွဲ၊စျေးရောင်းပွဲ၊ စတုဒီသာများပါ စီစဥ်​နေသည်။

စျေးရောင်းပွဲတော်တွင် စျေးဆိုင်များစည်ကားစေရန်အတွက် လုပ်ငန်းရှင်များအား တစ်ဦးကို စျေးဆိုင် အခန်း ၂ ခန်း အခမဲ့ပေးပြီး စားပွဲနှင့် ခုံများပါပေးရန် စီစဥ်ထားသည်ဟု မြို့ခံများက ပြောသည်။

​ရွှေမော်ဓောတန်​ဆောင်တိုင်ဘုရားပွဲမှာ ၂၀၁၉ ခုနှစ်တွင်​နောက်ဆုံးကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့ကပ်​ရောဂါကူးစက်မြန်ကိုဗစ်​ ၊ ၂၀၂၁ တွင်စစ်တပ်အာဏာသိမ်းမှုတို့​ကြောင့် မပြုလုပ်ခဲ့ပ။

ပြည်သူများအနေဖြင့် ပဲခူးမြို့ အပါအဝင် နိုင်ငံတစ်ဝန်းတွင် ကျင်းပပြုလုပ်မည့် စစ်ကောင်စီ၏ အတုအယောင် တန်ဆောင်တိုင် ပျော်ပွဲ ရွှင်ပွဲများကို တက်ရောက်ခြင်း မပြုကြရန် တော်လှန်ရေး အင်အားစုများက မေတ္တာရပ်ခံတောင်းဆိုထားသည်။

ပဲခူး မြို့တွင် ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့က စစ်အာဏာသိမ်းမှုကို ဆန္ဒပြသည့်လူငယ်များအား စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ရာ လူငယ် ၈၀ ကျော် သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။