Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတစ်ဖွဲ့လုံးနှင့် လူပုဂ္ဂိုလ် ၁၉ ဦးအပေါ် အီးယူ အရေးယူဒဏ်ခတ်ကြောင်း ကြေညာ

စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ဆက်လက် တိုးမြင့်လာမှုနှင့် နိုင်ငံတဝှမ်း ဒေသအနှံ့ပျံ့နှံ့လျက် ရှိနေသည့် ကာလရှည်ကြာ ပဋိပက္ခဆီသို့ ဆင့်ကဲပြောင်းလဲလာမှုအပေါ် လွန်စွာ စိုးရိမ်ပူပန်ကြောင်း အီးယူက ထုတ်ပြန်သည်။

စစ်​​ကောင်စီ​လေတပ်မှ အရာရှိများကိုလည်း အ​ရေးယူဒဏ်ခပ်​​သောစာရင်းတွင်ပါဝင်သည်။ ဓါတ်ပုံ - မြဝတီ
စစ်​​ကောင်စီ​လေတပ်မှ အရာရှိများကိုလည်း အ​ရေးယူဒဏ်ခပ်​​သောစာရင်းတွင်ပါဝင်သည်။ ဓါတ်ပုံ - မြဝတီ

▪︎အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၏ ကျူးလွန်မှုမှန်သမျှ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ကြိုးပမ်းမည်ဟု ကတိပြု

အာဏာသိမ်းစစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် လူပုဂ္ဂိုလ် ၁၉ ဦးအပေါ် ဥရောပသမဂ္ဂ(EU)က ထပ်မံအရေးယူဒဏ်ခတ်လိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့်နေ့တွင် အီးယူက အာဏာသိမ်းစစ်တပ်နှင့် ဆက်စပ်သူများကို ငါးကြိမ်မြောက် အရေးယူပိတ်ဆို့မှုကို ကြေညာလိုက်ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုများ မြင့်တက်လာပြီး ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဥရောပကောင်စီသည် ပဉ္စမအကြိမ် ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဒေါက်တာ ကံ​ဇော်
ဒေါက်တာ ကံ​ဇော်

လူပုဂ္ဂိုလ် (၁၉) ဦးနှင့် အဖွဲ့အစည်း တစ်ခု ပါဝင်သည့် စာရင်းသစ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးကံဇော်၊ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်နှင့် တပ်မတော်(လေ)မှ အဆင့်မြင့်အရာရှိများ ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ နှင့် တပ်မတော်နှင့် အနီးကပ်ဆက်နွယ်ပြီး ချိတ်ဆက် ပံ့ပိုး ပေးလျက်ရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများမှ စီးပွားရေး ကိုယ်စားလှယ်များ ပါဝင်ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

ဦးထွန်းထွန်းဦး
ဦးထွန်းထွန်းဦး

အီးယူသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကြေညာထားသော ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများမှာ လူပုဂ္ဂိုလ် စုစုပေါင်း (၈၄) ဦးနှင့် အဖွဲ့အစည်း (၁၁) ခု အပေါ် အကျုံးဝင်သက်ရောက်နေသည်ဟု ဆိုသည်။

ယင်းပိတ်ဆို့ဒဏ်ခတ်မှုတွင် စာရင်းသွင်းခံရသူများသည် ပိုင်ဆိုင်မှု ထိန်းချုပ်ခံရခြင်း နှင့် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများခံရပြီး ယင်းတို့အား ဥရောပသမဂ္ဂ နယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းမှ တားဆီးထားသည်။ ထို့အပြင် ဥရောပသမဂ္ဂမှ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် ပြစ်ဒဏ်ခတ်ပိတ်ဆို့ရန် စာရင်းသွင်းခံထားရသူများကို ရန်ပုံငွေ ရရှိစေခြင်းကိုလည်း တားမြစ်ထားသည်။

ဥရောပသမဂ္ဂမှ အခြားသော အရေးယူဆောင်ရွက်ချက်များဖြစ်သည့် လက်နက်နှင့် စက်ပစ္စည်းများ တင်ပို့ရောင်းချခြင်း တားမြစ်ပိတ်ပင်မှုများနှင့် ပြည်တွင်းဖိနှိပ်မှုအတွက် အသုံးပြုနိုင်သည့် ဆက်သွယ်ရေးဆိုင်ရာ ကိရိယာများ တင်ပို့မှုအပေါ် ကန့်သတ်ချက်များ၊ တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ အသုံးပြုသည့် စစ်ဖက် – အရပ်ဖက် နှစ်သွယ်သုံး ပစ္စည်းနှင့် နည်းပညာများ (dual-use goods) တင်ပို့မှု တားမြစ်ချက်၊ တပ်မတော်နှင့် ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မှု တားမြစ်ခြင်းများ စသည့် ကန့်သတ်ချက်များလည်း ဆက်လက်ရှိနေဦးမည်ဟု ကြေညာသည်။

ထို့အပြင် မကြာမီတွင် ဖနွမ်းပင်၌ ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံတွင် မြန်မာစစ်ကောင်စီအပေါ် ထိ‌ရောက်သည့် ဆုံးဖြတ်ချက်များ သဘောတူညီချမှတ်နိုင်စေရန် အီးယူကမျှော်လင့်နေကြောင်း ဖော်ပြသည်။

ဥရောပသမဂ္ဂသည် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အာဏာသိမ်းမှုပြီးနောက် နိုင်ထက်စီးနင်း ဖမ်းဆီးထိန်းချုပ်ခံထားရသူ အားလုံးတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ထပ်လောင်း တောင်းဆိုထားသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ဆက်လက် တိုးမြင့်လာမှုနှင့် နိုင်ငံတဝှမ်း ဒေသအနှံ့ပျံ့နှံ့လျက် ရှိနေသည့် ကာလရှည်ကြာ ပဋိပက္ခဆီသို့ ဆင့်ကဲပြောင်းလဲလာမှုအပေါ် လွန်စွာ စိုးရိမ်ပူပန်ကြောင်း အီးယူက ထုတ်ပြန်သည်။

ယင်းနောက် မြန်မာစစ်တပ်မှ ကျူးလွန်လျက်ရှိသည့် နှိပ်စက်ညှဉ်းပန်းမှုနှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် သတင်းသမားများကို ဆက်လက်နှိပ်စက်ညှဉ်းပန်းမှုများ ၊ လူမျိုးရေး၊ ဘာသာရေး လူနည်းစုများအပါအဝင် အရပ်သားများအပေါ် တိုက်ခိုက်မှုများနှင့် ပုဂ္ဂလိကပိုင် ပိုင်ဆိုင်မှုပစ္စည်းများ ဖျက်ဆီးခြင်းအပါအဝင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အားလုံးကို အီးယူက ပြစ်တင်ရှုတ်ချသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။