လက်နက်ကိုင်အချင်းချင်းမတိုက်ရဲဘဲ ပြည်သူကိုပစ်မှတ်ထားခြင်းမှာ ရွံ့ရှာဖွယ်လုပ်ရပ်ဟု ဖော်ပြ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီး ကျေးရွာမှ ဒေသခံပြည်သူ ၉ဦးထက်မနည်းကို သတ်ဖြတ်ခြင်းအပါအဝင် မြို့နယ်အတွင်းရှိ ပြည်သူလူထုများစွာ သေဆုံးထိခိုက် ဒဏ်ရာရစေရန် အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်သည့် စစ်ကောင်စီတပ်ကို ပြင်းထန်စွာ လက်တုန့်ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၁၀ရက် နံနက်က စစ်ကောင်စီ၏ ထောက်ပို့ယာဉ်အား ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာနှင့်ဆင်အင်းကြီးရွာအကြား၌ AAက ဖမ်းဆီးထိန်းသိမ်းခဲ့ရာ စစ်ကောင်စီတပ်က ဆင်အင်းကြီးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများလုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီသည် ပြည်သူများ၏ ကုန်စည်ကူးသန်း ရောင်းဝယ်ခြင်း၊ ကုန်စည်စီးဆင်းခြင်းများကို တင်းကျပ်စွာ ပိတ်ဆို့၍ ၎င်းတို့သာလျင် ရေလမ်း၊ ကုန်းလမ်းများမှ တဆင့် ရိက္ခာပို့ဆောင်ခြင်းများကို ပြုလုပ်နေ၍ အဆိုပါ ထောက်ပို့ကားကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ဖမ်းဆီးသည့်အပေါ် လက်တုံ့ပြန်သောအားဖြင့် တိုက်ပွဲနှင့် လုံး၀ မသက်ဆိုင်သည့် အပြစ်မဲ့ ပြည်သူလူထုများအား စစ်ကောင်စီမှ ယခုကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း AAက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၀ရက်ညနေပိုင်း၌ စစ်ကောင်စီ၏ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀)တပ်ရင်းသည် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာမှ အရပ်သား နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ၎င်းရွာ အတွင်းမှ သက်ကြီးပိုင်း အပါအဝင် အပြစ်မဲ့ ပြည်သူ ၉ဦးထက်မနည်းသော အရေအတွက်အား သွေးအေးအေးဖြင့် ပစ်ခတ်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခဲ့သည်ဟု AAက ဆိုသည်။

Public Service Announcement
ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကျူးလွန်နေသော စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်များထဲမှ အဆိုးရွားဆုံးသော သိသာထင်ရှားသည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သော စစ်ရာဇဝတ်မှုကျူးလွန်ခြင်းတစ်ခုပင်ဖြစ်ကြောင်း ဖော်ပြသည်။


နိုဝင်ဘာ ၁၀ရက် နှင့် ၁၁ရက်များ၌လည်း စစ်ကောင်စီသည် ပုဏ္ဏားကျွန်း အခြေစိုက်ခမရ (၅၅၀)တပ်ရင်း၊ စစ်တွေ ပါဒလိပ်၊ ကွမ်းတောင် တပ်စခန်းများမှ လက်နက်ကြီး များပစ်ခတ်ခြင်း၊ စစ်ရဟတ်ယာဉ်များ၊ ဒရုန်းများဖြင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျေးရွာများသို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ဦး အသက်သေဆုံးခဲ့ရပြီး အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ပြည်သူ ၅ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ အချို့မှာကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ကြရကြောင်း AAက ထုတ်ပြန်သည်။
လက်နက်ကိုင်တပ်အချင်းချင်း ရင်ဆိုင်မတိုက်ရဲဘဲ အပြစ်မဲ့ ပြည်သူကိုသာ ဦးတည်တိုက်ခိုက်ခဲ့သော စစ်ကောင်စီ၏ ယခုကဲ့သို့ လုပ်ရပ်မှာ အလွန်ပင်သူရဲဘောကြောင်သည့် စက်ဆုပ်ရွံရှာဖွယ်ရာ လုပ်ရပ် ဖြစ်သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီ၏ ယခုကဲ့သို့ လူမဆန်သည့် အရိုင်းအစိုင်းများ၏ လုပ်ရပ်များကြောင့် အသက်အိုးအိမ် ဆုံးရှုံးပျက်စီးခဲ့ရသော အပြစ်မဲ့ ပြည်သူများအတွက် သက်ဆိုင်ရာ မိသားစုများနှင့် ထပ်တူထပ်မျှ လွန်စွာ ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း နှင့် ယခုကဲ့သို့ စစ်ကောင်စီတပ်၏ လူမျိုးရေး အမုန်းတရားဖြင့် ကောက်ကျစ်ယုတ်မာ ရိုင်းစိုင်းစွာ ပြုမူလုပ်ဆောင်ခဲ့သည့် စစ်ရာဇဝတ်ကျူးလွန်ခဲ့သော ပုဏ္ဏားကျွန်း အခြေစိုက် ခမရ(၅၅၀) နှင့် ယခုဖြစ်ရပ်တွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့သော သူများကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်သွားမည် ဖြစ်ကြောင်း AA က ထုတ်ပြန်သည်။
စစ်ကောင်စီသည် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် အပြစ်မဲ့ပြည်သူများအား အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခြင်း၊ လူနေအိမ်၊ရပ်ရွာ မြောက် များစွာကို မီးရှို့ဖျက်ဆီးခြင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထိန်းအကွပ်မဲ့စွာ နေ့စဉ်ရက်ဆက်ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း ဖော်ပြသည်။
လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲထက် နယ်မြေခံ ပြည်သူများကို ဦးတည် တိုက်ခိုက်ခြင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများကိုသာ စစ်ကောင်စီတပ်များက အဓိက ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။
ရက္ခိုင်နှင့် ပလက်၀ဒေသအတွင်း တကျော့ပြန်တိုက်ပွဲများ၌လည်း မြေပြင်တွင် အထိအခိုက်ကျအဆုံးများပြီး စိတ်ဓာတ်ယိုယွင်းပျက်စီးနေသော စစ်ကောင်စီသည် လူနေထူထပ်သော နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ၊ တိုက်လေယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်ရဟတ်ယာဉ်များပေါ်မှ စက်သေနတ်များဖြင့် နေ့ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းမှာ အပြစ်မဲ့ ပြည်သူလူထုများကို အစုလိုက် အပြုံလိုက်သေစေလိုသော ရည်ရွယ်ချက်ဖြင့် ရက်စက်သည့် လူမဆန်သော လုပ်ရပ်များ ပင်ဖြစ်ကြောင်း ဖော်ပြသည်။
စစ်ကောင်စီသည် ပြည်သူလူထုများ၏ အခြေခံလိုအပ်ချက်များဖြစ်သော စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါး လူအသုံးအဆောင်ပစ္စည်များကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်၍ မရအောင် ပိတ်ပင် ကန့်သတ်ပြီး ပြည်သူလူထုကို အငတ်ဘေး ဆိုက်အောင် ပြုလုပ်လျက် ကြီးမာသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူ့အခွင့်အရေး ပဋိညာဉ် ဥပဒေများကို ချိုးဖောက်လျက်ရှိကြောင်း AAက ထုတ်ပြန်သည်။
စစ်ကောင်စီသည် ၎င်းတို့အား မထောက်ခံသည့် ပြည်သူများကို အကြောက်တရားဖြင့်ထိန်းကြောင်းနိုင်ရန် အကြမ်းဖက် နည်းဗျူဟာများကို ဆိုးရွားစွာ ကျင့်သုံးလျက်ရှိကြောင်း၊ စစ်ကောင်စီ၏ ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအား ပြောင်ပြောင်တင်းတင်း အကြမ်းဖက် သတ်ဖြတ်ခြင်း ကျေးရွာများကို မီးရှို့ ခြင်းများမှာအကြမ်းဖက် စစ်တပ်အဖြစ် ၎င်းတို့ လုပ်ရပ်များက သက်သေခံလျက်ရှိသည်ဟု ဖော်ပြသည်။


















































