▪︎လူမျိုးစုလက်နက်ကိုင်များ၊ PDF များကို နည်းပညာဆိုင်ရာ အထောက်အပံ့များပေးရန် အချက်ကို ယခုနှစ် NDAA ၌ထည့်သွင်းထား
အာဏာသိမ်းစစ်တပ်ကို ပိုမိုအရေးယူဒဏ်ခတ်ရန်နှင့် မြန်မာ့ဒီမိုကရေစီအရေးကို ပံ့ပိုးကူညီရန် အချက်များပါဝင်သည့် အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေ(NDAA)ကို အောက်လွှတ်တော်က အတည်ပြုလိုက်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူအချို့က အသိပေးသည်။
ယခုနှစ်ရေးဆွဲထားသော NDAA ဥပဒေကြမ်းတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ထူးခြားချက်များပါဝင်ပြီး မြန်မာပြည်၏ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ဒီမိုကရေစီရေးလှုပ်ရှားသည့်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကြားတွင်သော်လည်းကောင်း၊ နိုင်ငံတကာအကူအညီပေးရေးလုပ်ငန်းများတွင်သော်လည်းကောင်း ဆက်သွယ်ရေး၊ အမိန့်ပေးထိန်းချုပ်ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန် နည်းပညာနှင့် လက်နက်မဟုတ်သော အထောက်အပံ့များပေးရန် အချက်ကို ထည့်သွင်းထားသည်ဟု ဝါရှင်တန်အခြေစိုက် Welson Center မှ နိုင်ငံရေးသုတေသီ ဦးရဲမျိုးဟိန်းက ရေးသားသည်။
“National Defense Authorization Act 2023 (NDAA) က အောက်လွှတ်တော် House ကို အောင်သွားပြီ။ Senate ကိုဖြတ်ပြီး သမ္မတလက်မှတ်ထိုးရင် ဥပဒေဖြစ်မယ်။ ဒီနှစ် NDAA က ထူးတယ်ပြောရမယ်” ဟု ၎င်းက ဆိုသည်။
ယမန်နှစ် NDAA ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ Indo-Pacific ခေါင်းစဥ်အောက်၌ စာမျက်နှာ ၅ မျက်နှာခန့်သာ ပါဝင်ပြီး ယခုနှစ် NDAA ဥပဒေမူကြမ်းတွင် Burma Act ဥပဒေ တစ်ခုလုံးကို ထည့်သွင်းထားသည်ဟု ဦးရဲမျိုးဟိန်းက ဖော်ပြသည်။

Public Service Announcement
အမေရိကန်ပြည်ထောင်စုသည် မြန်မာစစ်တပ်တာ၀န်ခံမှုရှိရေးနှင့်ပတ်သက်၍ Burma Act ဟု လူသိများသော Burma Unified through Rigorous Military Accountability Act of 2021 ကို ယခုနှစ်ဆန်းတွင် အတည်ပြုခဲ့သည်။ ယင်းဥပဒေသည် မြန်မာ့အရေးသီးသန့်ဖြစ်ကာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးအတွက် ဒီမိုကရေစီ အင်အားစုများကို အားပေးကူညီပံ့ပိုးရန်၊ စစ်အုပ်စု၏ ဝင်ငွေရလမ်းများကို ဖြတ်တောက် ပိတ်ဆို့ရန် အချက်များကို ထည့်သွင်းပြဌာန်းထားသည်။
ထို့အပြင် ယခုနှစ် NDAA တွင် နောက်ထပ် ထူးခြားချက်အနေဖြင့် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်ဘက်အုပ်ချုပ်ရေးပြန်ထူထောင်ရန်အားပေးသည့် ဗမာစစ်တပ်မှတပ်ဖွဲ့ဝင်ဟောင်းများနဲ့ပတ်သက်သည့် အစီအစဉ်များ၊ လှုပ်ရှားဆောင်ရွက်မှုများကို ကူညီရန် အချက်ကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။


















































