တိုက်ပွဲ တစ်ပတ်ကြာဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားကြောင်း အသိပေး
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ၌ တစ်ပတ်အတွင်း တိုက်ပွဲများ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့သည်ဟု Lion Battelion Commando – ဗျူဟာစစ်ကြောင်းက ထုတ်ပြန်သည်။
ကျုံဒိုးမြို့အနီး ကော့ကျိုက်၊ အံဂလုံ နှင့် ကမ်းနီစံပြကျေးရွာများအတွင်း ဇန်နဝါရီ ၂၀ရက်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ Lion Battelion Commando – ဗျူဟာစစ်ကြောင်း၊KNU/KNDO အမှတ်(၆)တပ်ရင်း၊ ဂဠုန်စစ်ကြောင်း နှင့် DKBA စစ်ကြောင်းများပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။




ဇန်နဝါရီ ၂၀ရက်မှ ၂၆ရက်အထိတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ကျဆုံးသူ ၉၀ကျော်အထိရှိခဲ့ပြီး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသူ ၅၀ကျော်ရှိပြီး အကျအဆုံး၊အထိအခိုက် များစွာဖြင့် ပြန်လည်ဆုတ်ခွါသွားကြောင်း အဆိုပါ Lion Battelion Commando – ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ခဲ့သော်လည်း သီးခြားအတည်မပြုနိုင်ခဲ့ပေ။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ကမ်းနီစံပြကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၅၄၅ /၅၄၆) အမြောက်တပ်မှ လက်နက်ကြီးအကြိမ်ရေပေါင်း ၂၀၀ကျော်ပစ်ခတ်ခဲ့ပြီး လေကြောင်းပစ်ကူ ၁၀ကြိမ်နှင့်အထက် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

ကျေးရွာအတွင်းရှိ နေအိမ် (၅)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပြီး တိုက်ပွဲအတွင်း KNDO တပ်ရင်း(၆)မှ တပ်ခွဲမှုးဗိုလ်စောလင်းဌေးနှင့် ရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ဆွေးနွေးမှုပြုလုပ်နေသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) စစ်ကြောင်းပါ ပါဝင် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ယင်းနှင့်ပတ်သက်၍ DKBA ဌာနချုပ်မှ တပ်မှူးတစ်ဦးအား မေးမြန်းရာ ၎င်းအနေဖြင့် မသိရှိကြောင်း ဖြေကြားသည်။
ထို့အပြင် အခြား DKBA တပ်မှူးအချို့အား ဆက် သွယ်ရာတွင်လည်း အဆက်အသွယ်မရသေးပေ။
စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၁ရက်က ကပင် DKBA မှ တပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်မှူးစောအေဝမ်း၏ ဘုရားသုံးဆူဒေသရှိ နေအိမ်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်လုံး၀ ပျက်စီးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့သည်။


ကျုံဒိုးတိုက်ပွဲ၌ တော်လှန်ရေးအင်အားစုများဘက်မှ DKBA စစ်ကြောင်း ပါဝင်မှုကို KNU ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။
စစ်အာဏာရှင်တိုက်ဖျက်ရေး တိုက်ပွဲ၌ DKBA အနေဖြင့် ပြတ်သားမှုမရှိသည့် အခြေအနေမှာ ကိုယ်ကျိုးရှာနေသည့် အဖွဲ့အစည်းထိပ်ပိုင်းခေါင်းဆောင် အချို့ကြောင့်ဖြစ်ပြီး အောက်ခြေပိုင်းက ပြည်သူအပေါ် မတရားမှုမျိုးစုံ ကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်လိုကြသည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။


















































