မကွေးတိုင်း ရေနံချောင်းမြို့ရှိ စစ်ကောင်စီလက် အောက်ခံ ရေနံချောင်းမြို့မရဲစခန်းအား အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း People’s Defense Force – Yanangyaungက ပြော သည်။
ယမန်နေ့ (မတ်လ ၅ရက်)ည ၈နာရီ ၁၅မိနစ်ခန့်က ရေနံချောင်းမြို့မရဲစခန်းအား မကွေးခရိုင် PDF တပ်ရင်း (၂)၊ တပ်ခွဲ (၁)၊ PDF – Yanangyaung ၊ Yanangyaung Local People’s Defense Force(ဖေကံကောင်းအဖွဲ့)တို့ပူးပေါင်းပြီး စခန်းနှင့်အနီးဆုံးနေရာထိသွာရောက်၍ အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“ဘယ်နေရာကို အဓိကထားပြီးပစ်ခတ်ခဲ့တာလည်းဆိုတော့ ရေနံချောင်းမြို့မရဲစခန်းရှေ့ တည့်တည့်ကိုပါဗျ။ ကျနော်တို့ ဘန်ကာကို ပစ်မှတ် ထားပြီးတော့ ဖောက်ခွဲခဲ့တာပါ”ဟု PDF – Yanangyaung တပ်ဖွဲ့တာဝန်ခံ ဗိုလ်စံသျှားက People’s Spring သို့ ပြောသည်။
ထိုသို့ တိုက်ခိုက်ချိန်တွင် မြို့မရဲစခန်းအတွင်း စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင် ၃၀ဦးခန့်ရှိနေပြီး ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိပ်အခြေအနေအား မသိရသေးကြောင်း ဗိုလ်စံသျှားက ရှင်းပြသည်။

Public Service Announcement

“ကျနော်တို့ ဖောက်ခွဲတိုက်ခိုက်ချိန်မှာ စိတ်မကောင်းစွာနဲ့ပဲ ပြည်သူ့ဆိုင်ကယ်တစ်စီးက ရောက်ရှိလာတယ်။ အဲအချိန်မှာ ကျနော်တို့ မိုင်းကွင်းကနေမလွတ်ခဲ့ဘူးပေါ့ဗျာ။ ပြောမယ်ဆိုရင်တော့ဒါပေမဲ့လည်း အဲဒီပြည်သူက ထိခိုက်ဒဏ်ရာအရမ်းကြီးမစိုးရိမ်ရဘူး။ ပြည်သူကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်”ဟု ၎င်းက အသိပေးသည်။
သို့သော် PDF – Yanangyaung တပ်ဖွဲ့အနေဖြင့် ထိခိုက်ဒဏ်ရာရသွားသော ပြည်သူတစ်ဦးအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်းနှင့် ထိခိုက်မှုအတွက် အနူးအညွတ်တောင်းပန်ကြောင်း ထုတ်ပြန်ထားသည်။
အထက်ပါ ဖောက်ခွဲတိုက်ခိုက်မှုအပြီး ရဲစခန်းအတွင်းမှနေ၍ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ပေ။


















































