အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ပူတာအိုခရီးစဥ်တွင် ရဝမ်ရိုးဝတ်စုံမပေးရန်နှင့် ပေးခဲ့ပါက ရဝမ်လူမျိုး၏ဂုဏ်သိက္ခာကျဆင်းမည်ဖြစ်ကြောင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရဝမ်တိုင်းရင်းသားလူမျိုးကိုယ် စားလှယ်က သတိပေးလိုက်သည်။
“ငါတို့ရဝမ်လူမျိုးရဲ့ ဝတ်စုံကိုလူသတ်ကောင် လုံးဝမပေးရန် သတိပေးပါသည်။ အကယ်၍ပေးခဲ့ပါက ရဝမ်လူမျိုး၏ ဂုဏ်သိက္ခာကျမည်ဖြစ်သည်။ပေးခဲ့သူများအား ရဝမ်လူမျိုးက ခွင့်လွှတ်မည်မဟုတ်ကြောင်း သတိပေးလိုက်သည်”ဟု တိမ်းရှောင်နေရသည့် ရဝမ်တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ချန်းဂျော်ရ်ရမ်က လူမှုကွန်ရက်မှတစ်ဆင့် သတိပေးခြင်းဖြစ်သည်။

ချန်းဂျော်ရ်ရမ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု အနိုင်ရခဲ့ပြီး ရဝမ်တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူဖြစ်သည်။
အကြမ်းဖက်စစ်ခေါင်းဆောင်သည် ယခုအခါ ကချင် ပြည်နယ်သို့ရောက်ရှိနေပြီး ယနေ့တွင် ပူတာအိုမြို့သို့ သွားရောက်မည်ဟု သတင်းထွက်ပေါ်နေသည်။

Public Service Announcement
ယမန်နေ့က မြစ်ကြီးနားမြို့ခရီးစဥ်တွင် စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ်က မင်းအောင်လှိုင်အား ကချင်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ပေးခဲ့သည့်အပေါ် ကချင်တိုင်းရင်းသားအများစုက ကန့်ကွက်နေကြသည်။
ကချင်တိုင်းရင်းသားတစ်ဦးက “ငါတို့တိုင်းရင်းသားတွေကို သတ်ဖြတ်နေတဲ့ကောင်ကို ငါတို့ရိုးရာဝတ်စုံကို ဝတ်ပေးရက်တယ်”ဟု လူမှုကွန်ရက်တွင် ရေးသားထား သည်။


















































