Connect with us

Hi, what are you looking for?

သတင်း

NUG နိုင်ငံခြားရေး ဒုဝန်ကြီးနှင့် ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း အွန်လိုင်းမှတွေ့ဆုံ​ဆွေး​နွေး

မစ္စတာဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်မည့် ခရီးစဉ်များရှိပါက အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မြန်မာနိုင်ငံမှ အရေးပါသော သက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင်ရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမိုးဇော်ဦး။ ဓါတ်ပုံ-NUG
NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမိုးဇော်ဦး။ ဓါတ်ပုံ-NUG

▪︎ဘန်ကီမွန်း၏ ခရီးစဉ်ကို စစ်ကောင်စီ အသုံးချရန် ကြိုးပမ်းမည်ကို စိုးရိမ်ကြောင်းဒုဝန်ကြီးပြော

▪︎မြန်မာ့အရေးအဖြေရရှိရေး NUG အပါအဝင် ပါဝင်သည့် အစုအဖွဲ့အားလုံး၏ အခန်းကဏ္ဍမှာ အရေးပါကြောင်း ဘန်ကီမွန်းပြောဟုဆို

မြန်မာ့အရေး ရေရှည်တည်တံ့သော အဖြေတစ်ခုရရှိရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ပါဝင်သည့် အစုအဖွဲ့အားလုံး၏ အခန်းကဏ္ဍမှာ အရေးပါကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက ပြောသည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမိုးဇော်ဦးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ၊ The Elders ၏ ဒုတိယ ဥက္ကဌဖြစ်သူ မစ္စတာ ဘန်ကီမွန်းနှင့် ဧပြီ ၂၇ ရက်တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံ ဆွေးနွေးစဉ် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။

NUG ဒုတိယဝန်ကြီးက မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် ရည်ရွယ်ချက်မှန်ကန် ကောင်းမွန်သော်လည်း စစ်ကောင်စီက ယင်းခရီးစဉ်အား ၎င်း၏အကျိုးအတွက် အသုံးချရန် ကြိုးပမ်းမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

The Elders ၏ ဒုတိယ ဥက္ကဌဖြစ်သူ မစ္စတာ ဘန်ကီမွန်း။ ဓါတ်ပုံ- ဘန်ကီမွန်းစင်တာ
The Elders ၏ ဒုတိယ ဥက္ကဌဖြစ်သူ မစ္စတာ ဘန်ကီမွန်း။ ဓါတ်ပုံ- ဘန်ကီမွန်းစင်တာ

တွေ့ဆုံမှုတွင် မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်နှင့်ပတ်သက်၍ အဓိကထားဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ လက်ရှိ ရင်ဆိုင်နေရသည့် အကျပ်အတည်းများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရှေ့ဆက်လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မစ္စတာ ဘန်ကီမွန်းက “အကြမ်းဖက်မှုများအား အဆုံးသတ်ရန် လမ်းကြောင်း” ရှာဖွေမှုမှာ အရေးပါကြောင်းထည့်သွင်းပြောကြားသည်။

မစ္စတာဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်မည့် ခရီးစဉ်များရှိပါက အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မြန်မာနိုင်ငံမှ အရေးပါသော သက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင်ရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ရွေးကောက်ပွဲများ ကျင်းပရန် အခွင့်မရှိ သကဲ့သို့ ရွေးကောက်ပွဲများ ကျင်းပမည်ဆိုပါကလည်း မြန်မာနိုင်ငံရှိ သက်ဆိုင်သူများအားလုံးနှင့် တိုင်းရင်းသား အဖွဲ့အားလုံးက လက်ခံနိုင်မည့် အသစ် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေအရသာ ကျင်းပပြုလုပ်ရမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ထောက်ပြပြောဆိုခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် အာဆီယံဘုံသဘောတူညီချက် (၅)ရပ်နှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် (၂၆၆၉)တို့ကို လိုက်နာရန် ပျက်ကွက်သည့် စစ်ကောင်စီအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ပို၍ ဝိုင်းဝန်း ဖိအားပေးမှုနှင့် အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း NUG ဒုတိယဝန်ကြီးက အလေးပေးဆွေးနွေးသည်။

မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းများအား ဖြေရှင်းနိုင်ရန်အတွက် ဖြစ်နိုင်ချေရှိသည့်လမ်းကြောင်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေးတစ်ရပ် တည်ဆောက်သွားကြမည်ဟူသော သဘောတူညီချက်ဖြင့် တွေ့ဆုံမှုအား အဆုံးသတ်ခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းသည် ဧပြီ ၂၃-၂၄ နှစ်ရက်ကြာ နေပြည်တော်သို့ လာရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ သို့သော် အဆိုပါခရီးစဥ်တွင် နေပြည်တော်အကျဥ်းထောင်၌ မတရားသဖြင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသော လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တို့နှင့် တွေ့ဆုံခွင့်မရခဲဲ့ပေ။

မစ္စတာဘန်ကီမွန်း၏ ခရီးစဥ်အပြီး ထုတ်ပြန်ချက်တွင် ၎င်းသည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်ဗိုလ်ချုပ်ဟောင်းနှင့် သမ္မတဟောင်း သိန်းစိန်တို့ကို တွေ့ဆုံခဲ့ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးတို့ကို တောင်းဆိုလိုက်ကြောင်း ဖော်ပြသည်။ ယင်းခရီးစဥ်တွေ့ဆုံမှုများတွင် ရေရှည်တည်တံ့သော အဖြေရရှိရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် သက်ဆိုင်ရာပါတီအားလုံး၏ အရေးပါမှုကို အလေးထား ပြောကြားခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။